တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်

တာလေ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့လာခြင်းများမဖြစ်ပေါ်စေရေးအတွက် စစ်ဆေးရေး ဂိတ်များကို ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြို့အဝင်/အထွက်စစ်‌ ဆေးရေး ဂိတ်ကြီးများအပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ဇူလိုင်လ ၁၅ ရက်မှစတင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

တာလေမြို့တွင် “ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့လာခြင်းများ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များကို ဂိတ်ကြီးများ ဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာလေမြို့အဝင် နတ်စင်ဂိတ်နှင့် တောင်သုံးလုံးနတ်စင်ဂိတ် တို့အပြင် မြို့ပေါ်ရပ်ကွက်များတွင်(၃)ဂိတ်နှင့် ကျေးရွာအုပ်စုများ တွင် (၃)ဂိတ် စုစုပေါင်း စစ်ဆေးရေးဂိတ် (၈)ဂိတ် ဖွင့်လှစ်ထားပြီး ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ်အရှိန်တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်ရာတွင် အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ဖြတ်သန်း ဝင်ရောက်လာသော မော်တော်ယာဉ်များဖြင့် စီးနင်းလိုက်ပါလာကြသည့် ခရီးသွားများ မှတဆင့် ရောဂါကူးစက်ပြန့်နှံ့လာခြင်းများမဖြစ်ပေါ်စေရန် ကိုယ်အပူချိန် တိုင်းခြင်း၊ နှာခေါင်းစည်းများတပ်ဆင်သွားလာခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ခရီးသွားထောက်ခံချက်များပါ မပါစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်မှတ်တမ်း ကောက်ယူ‌ရေးသွင်းခြင်းများအပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း မည်သူမဆို ပြင်ပသို့ မဖြစ်မနေ သွားလာမည်ဆိုပါက ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ ပါရှိရမည်ဖြစ်ပြီး ထောက်ခံစာတွင် ဖြည့်သွင်းထားသော နယ်မြေအတွင်းသာသွားလာခွင့်ရှိပြီး သတ်မှတ် နယ်မြေကျော်လွန်သွားလာခြင်းများ ရှိ မရှိ စစ်ဆေးခြင်းနှင့် ဒေသအတွင်း ထွက်ခွာသွားလာရာတွင် မည်သူမဆို ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း ကျန်းမာရေး‌ဌာနထောက်ခံချက်များ ပါ မပါ စစ်ဆေး သွားလာခွင့်ပြုခြင်းများကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄:၃၀ နာရီအချိန်ထိ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အောင်ကျော်မိုး