သထုံ ဇူလိုင် ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း COVID-19 ရောဂါကြောင့်အသွားအလာကန့်သတ် ခံထား ရသည့် Strict Home Quarantine(SHQ) နေအိမ်များနှင့်ကျန်းမာရေး မကောင်း၍ အခက်အခဲ ဖြစ်နေသည့် နေအိမ်များကို မြို့နယ်ဆန်ကုန်သည်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ ယမန်နေ့ က အခြေခံစားသောက်ကုန်များ လိုက်လံ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါနေ့တွင် ဆန်ကုန်သည်များအသင်းနှင့်ဆန်စက်လုပ်ငန်းရှင်များပူးပေါင်းကာ COVID-19 ရောဂါကြောင့် အသွားအလာကန့်သတ် ထားသည့်နေအိမ်များနှင့် အခက်အခဲဖြစ်နေသည့် နေအိမ်များ စုစုပေါင်း ၈၉ အိမ်အား တအိမ်ထောင်လျှင် ဆန်ပေါ်ဆန်းဝါ ၆ ပြည်၊ ဆီ ၁ လီတာ၊ ဆား ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ အာလူး ၁ ပိဿာ၊ ပဲဝါခြမ်း ၅၀ ကျပ်သား၊ ငရုတ်သီး ၂၅ သားကျပ်၊ ကြက်သွန်ဖြူ ၂၅ ကျပ်သားတို့ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးခဲ့ကြသည်။
သထုံမြို့နယ်အတွင်း COVID-19 ကာလ အသွားအလာကန့်သတ်ထားသည့် နေအိမ်များနှင့် အခက်အခဲဖြစ်နေသူများအနေဖြင့် ဆန်အပါအဝင် အခြေခံစားကုန်များ လိုအပ်ပါက ဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ပေး ထားကြောင်း အမှန်တစ်ကယ်လိုအပ်နေသူများကို ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကိုကိုဦး