ဒေသတွင်းအသားငါးကဏ္ဍဖူလုံစေရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသဝက်ဖြန့်ဖြူးထောက်ပံ့ပေးအပ်ပွဲကျင်းပ

မက်မန်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၄ရက် နံနက် ၁၀ နာရီ အချိန်တွင် ဒေသတွင်း အသားကဏ္ဍဖူလုံစေရေး၊တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုထိရောက်စေရန် အတွက် ဒေသဝက် ဖြန့်ဖြူးရေးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာ အဆင့် အကြီးအကဲနှင့် ဒေသခံဝက်မွေးမြူမည့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေ့ဦးစွာ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသဝက်ဖြန့်ဖြူးထောက်ပံ့ရခြင်းနှင့် ပတ်သက်ပြီးစီမံချက်တစ်ရပ်ပေါ် စိစစ်ရွေးချယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဆက်လက်တိုးပွားစေချင် သောဆန္ဒနှင့်အညီယခုထောက်ပံ့ပေးသော ဝက်များသည် အမသာ ဖြစ်ကြောင်း၊ ၎င်းသား ပေါက်လာမည့် ဝက်များထဲမှ ယခုထောက်ပံ့ပေးသော ဝက်များနှင့်ထပ်တူ အမတစ်ကောင်ကို ကော်မတီသို့ ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများပြန်လည်ပေးဆပ်သည့် သားပေါက်ဝက်များကို ကော်မတီ များအနေဖြင့် မိမိတို့ဒေသခံ ပြည်သူများသို့ ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရန် စိစစ်ရွေးချယ် ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ပါသည်။ ဒေသခံပြည်သူများအနေဖြင့် ဝက်မွေးမြူနေစဉ် ကာလအတွင်း သဘာဝ ကြောင့်ဖြစ်စေ၊ ကပ်ရောဂါကြောင့် ဖြစ်စေ တစ်စုံတစ်ခု ကပ်ကျရောက်ခဲ့ပါက သက်ဆိုင်ရာ ကော်မတီသို့ ချက်ချင်းအသိပေးအကြောင်းကြားရန်လိုအပ်ကြောင်း အသေးစိပ်ရှင်းလင်း မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမောင်ဝင်းက ဝက်မွေးမြူရာ သိရှိထားရမည့် စည်းကမ်းချက်များ၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များအနေဖြင့် နိုင်ငံတော်က စီမံချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ဒေသဝက်မွေးမြူရေးဆိုင်ရာ တိုးတက်စေရေး အတွက် ကျေးရွာကော်မတီ၊မြို့နယ်ကော်မတီ(၂)ရပ်ဖြင့် စနစ်တကျ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသခံပြည်သူများ၏အကျိုးကို ရှေ့ရှုပြီး စီစဉ်ဆောင်ရွက်သည့်အပေါ် နားလည်သဘော ပေါက်ပြီး စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ စောင့်ရှောက်ကြရာ လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ဒေသဝက်ဖြန့်ဖြူးထောက်ပံ့ရေးကော်မတီမှ ဝက်မွေးမြူမည့်ဒေသခံပြည်သူများ ထံသို့ တန်ဖိုးငွေ ကျပ်သိန်း(၂၀)ဆယ်ရှိ ဝက်ကောင်ရေ(၂၀)ကို အေးကျန့်ကျေးရွာအုပ်စုမှ ကွန်ဟောင်း ကျေးရွာမှ အိမ်ထောင်စု(၁၀)စု၊ မွတ်နိုးကျေးရွာမှ အိမ်ထောင်စု(၅)စုနှင့် ပါလောင်းကျေးရွာမှ အိမ်ထောင်စု(၅)စု စုစုပေါင်း အိမ်ထောင်စု(၂၀)ဆယ်ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ဝက်မွေးမြူမည့် နည်းစနစ် မှန်ကန် စေရန်အတွက် သက်ဆိုင်ရာဦးစီးဌာနမှ သင်တန်းကို ဆက်လက် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းကို ၁၈-၇-၂၀၂၁ ရက်နေ့အထိ (၅)ရက်ကြာ ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)