ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ရွာငံ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ၊ များပြားလာမှုမရှိစေရေးအတွက် ယမန်နေ့ကအသံချဲ့စက်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လှည်၍ အသိပေး/သတိပေးသည့်အနေဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါနှိုးဆော်ချက်ကို ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဌေး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဝဏ္ဏကျော်နှင့်ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏဆေးကြောရန်၊ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူ ကြရန်၊ ပြည်သူများအနေဖြင့် ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်းများ တပ်ဆင် သွားလာခြင်းမရှိသူများအား စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ဒဏ်ငွေ(၅၀၀) ကျပ် ကောက်ခံ၍ Maskတစ်ခုအား တာဝန်ရှိသူများမှ တပ်ဆင်ပေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံ ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထို့အပြင် လူစုလူဝေးမပြုလုပ်ရန် ကန့်သတ်ချက်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူများကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သူများ အား (၁၆.၇.၂၀၂၁)ရက်နေ့မှစ၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့်အချက် များကို အသိပေး/ သတိပေးအနေဖြင့် လိုက်လံကြော်ညာပေးခဲ့ကြကြောင်းသိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)