နမ့်ခမ်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တိုးပွား လာသည့်အတွက် ထပ်မံအတည်ပြုလူနာများ ထားရှိကုသနိုင်ရေးကို အမှတ်(၂)ရပ်ကွက်၊ ပြည်သူ့ဆေးရုံအနီးရှိ အမှတ်(၂)၊ အခြေခံ ပညာထက်တန်းကျောင်းခန်းမ၌ Ouarantine Centre ပြင်ဆင်ဆောင်ရွက် ထားလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်ရှိ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသည် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကုသပေးရသည့်အပြင် အထွေထွေလူနာများနှင့် မွေးလူနာများပါ ကုသပေးရသည့်အတွက် လူနာများ ရာနှုန်းပြည့် လက်ခံကုသပေးလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထပ်မံအတည်ပြုလူနာများ လွယ်ကူစွာ လက်ခံကုသနိုင်ရေးအတွက် အမှတ်(၂)ရပ်ကွက်၊ ပြည်သူ့ဆေးရုံအနီးရှိ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် (၄၀) ဦးခန့် ဆန့်သည့် Quarantine Center ပြင်ဆင် ဖွင့်လှစ် ဆောင်ရွက်ထားလျက်ရှိသည်။
နမ့်ခမ်းမြို့နယ်အနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အတည်ပြုချက်အရ ယနေ့ နံနက်ပိုင်း (၁၀)နာရီအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာများ(၃၃၉)ဦးရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ထားသည့်ရက်အတွင်း စောင့်ကြည့် ကုသပေးလျက်ရှိရာ ရောဂါ လက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်လာသည့်အတွက် ဆေးရုံးဆင်းခွင့်ပြုသူ (၁၂၀)ဦး၊ ဆေးရုံ ဆင်းခွင့်ပြုသူများသည် မိမိအိမ်၌သာ (၇)ရက်အတွင်း သီးသန့်နေထိုင်ခိုင်းစေပြီး သေဆုံးလူနာ(၁၄)ဦး ရှိပြီးဖြစ်ကြောင်းသိရသည်။
နမ့်ခမ်းမြို့သည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန် ဆောင်ရွက် လျက်ရှိရာ အတည်ပြုလူနာများကို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ကုသပေးခြင်း၊ ရောဂါပိုး သံသယရှိသည့်လူနာများ ရောဂါကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရန် နှာခေါင်းတို့ဖက် စစ်ဆေးခြင်း၊ အတည်ပြုလူနာများ နေထိုင်သည့် အိမ်များတွင် ကန့်သတ်နယ်မြေအဖြစ် ဝင်ထွက်သွားလာ ခြင်းပြုလုပ်ရန် တားဆီးခြင်း၊ မြို့ပေါ်ရပ်ကွက်များ အဝင်အထွက်နေရာများ အဝင်အထွက် လူဦးရေ ကြပ်မတ်စစ်ဆေးခြင်း၊ စျေးများနှင့် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ဘဦး