မိုင်းကိုင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ယနေ့ညနေပိုင်း၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာန၏ သတင်းများ အရသိရှိရသည်။
အဆိုပါ အတည်ပြုလူနာ၏ ခရီးသွားရာဇဝင်များအရ ၎င်း၏ ဇနီးသည်နှင့်အတူ ဇူလိုင်လ ၁၁ ရက်နေ့၌ ကရင်ပြည်နယ်၊ မြဝတီမြို့မှ ကားတစ်စီးငှားရမ်း၍ ပြန်လာခဲ့ကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ ညအိပ်ရပ်နားကာ ဇူလိုင်လ ၁၃ ရက်နေ့တွင် မိုင်းကိုင်မြို့နယ်သို့ရောက်ရှိပြီး သတ်မှတ်ထားသော Community Based Facility Quarantine Center တွင် Quarantine ဝင်ရောက်ခဲ့ကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အဆိုပါနှစ်ဦးအား RDT Test Kit ဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူထံမှ ကိုဗစ်-၁၉ရောဂါစစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်း၏ ဇနီး အသက် ၂၀ နှစ်အရွယ် အမျိုးသမီးထံတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း သိရှိရသည်။
မိုင်းကိုင်မြို့နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသမီး သုံးဦး၊ အမျိုးသားတစ်ဦး ၊ စုစုပေါင်း လေးဦးရှိပြီဖြစ်ကြောင်း၊ အတည်ပြုလူနာ အားလုံးကို မိုင်းကိုင်မြို့နယ်၊ ပြည်သူ့ဆေးရုံရှိ Isolation Ward ၌ ဆေးကုသမှုများ ပေးနေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)