ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ကိုဗစ်ရောဂါပိုးကူးစက် ခံရသူများအားကုသပေးမှုများ ဆောင်ရွက်လျက်ရှိ

 

 

စစ်တွေ  ဇူလိုင် ၁၆

 

 

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူများအား မြို့နယ်ဆေးရုံများတွင် ကုသပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်ကပြောကြားသည်။

 

ထိုသို့ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသည်ဟု သံသယဖြစ်လာလျင် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ဒေါက်တာ ကြည်လွင်က “ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါလက္ခဏာတွေ ရှိတယ်လို့ထင်တယ်(ဥပမာ)အဖျားရှိတယ်လို့ ထင်တယ်၊ ချောင်းဆိုးတယ်၊ မိုးပန်းတယ်၊ အနံ့ပျောက်တယ်အစရှိသည်ဖြင့် ကိုဗစ်လက္ခဏာတစ်ခုခု ရှိတယ်လို့ ထင်လို့ရှိရင် အနီးဆုံးကျန်းမာရေးဌာနကို သွားရောက်ပြသလို့ရပါတယ်၊ ကျွန်တော်တို့ ကျန်းမာရေးဌာနတွေမှာ ကိုဗစ်သံသယလူနာတွေကို စစ်ဆေးကုသပေးတာတွေလုပ်ဆောင်နေပါတယ်” ဟုပြောကြား သည်။

 

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရလျင်လည်း ဆေးရုံသို့မဖြစ်မနေတက်ရောက် ကုသမှုခံယူရမည် ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါပိုးကူးစက်ခံရသည့်လူနာများကိုလည်း ထိုလူနာ၏ ရောဂါအခြေအနေကို စမ်းသပ်ပြီး ကုသမှုများပေးလျက်ရှိကြောင်း၊ လူနာ၏ရောဂါလက္ခဏာပေါ်မူတည်ပြီး စောင့်ကြည့်ကာ လိုအပ်သော ကုသမှုများပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံနေရပြီဟု သံသယဖြစ်လာလျင် ဆေးရုံဆေးခန်းတွေကို မဖြစ်မနေသွားရောက်ပြသကာ ကုသမှုခံယူသင့်ကြောင်း နှင့် ဆေးရုံဆေးခန်းများသို့ သွားရောက်သည့်အခါ မျက်နှာအကာများ၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များတတ်ဆင်ကာ သွားရောက်သင့်ကြောင်း ဒေါက်တာ ကြည်လွင်က ဆက်လက်ပြောကြားသည်။

 

ထို့အပြင် ဒေါက်တာ ကြည်လွင်က “ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့မှုတွေ ရှိခဲ့တယ်လို့ ထင်လို့ရှိရင် ကိုယ့်ကိုကိုယ် Contact ထိတွေ့မှုအနေနဲ့သတ်မှတ်ထားဖို့လိုပါတယ်၊ ဒီ Contact ဖြစ်လို့ရှိရင် ကိုဗစ်ပိုးကူးစက်နိုင်တဲ့အတွက်ကြောင့် ဒီလူတွေကတစ်ဆင့် တခြားလူတွေကို မကူးစက်ဖို့ အတွက် ပထမဆုံး သီးခြားနေထိုင်သွားဖို့လိုပါတယ်၊ နောက်ပြီးတော့ ကိုဗစ်ရောဂါပိုးရှိမရှိကိုလည်း စစ်ဆေးဖို့ လိုအပ်ပါတယ်၊ နောက်ပြီးတော့ ကိုဗစ်ရောဂါပိုးကူးစက်ခံပြီဆိုရင် ဘယ်လိုနေထိုင် စားသောက်ရမလဲ၊ မကူးစက်ဘူးဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို အနည်းငယ် ပြောပြလိုပါတယ်၊ ကိုဗစ်ပိုးကတော့ အခုအခြေအနေမှာ တတိယလှိုင်းလို့ဆိုတဲ့ ကူးစက်မှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ကူးစက်ခံရတဲ့အလားအလာတွေ လူတိုင်းမှာရှိနိုင်ပါတယ်၊ ဒါကြောင့် ကိုဗစ်ရောဂါ မဖြစ်အောင် ကာကွယ်ဖို့လိုပါတယ်၊ အဲ့ဒီတော့ ဖြစ်နိုင်သမျှအိမ်မှာနေဖို့လိုပါတယ်၊ မလိုအပ်ဘဲအပြင်ကိုမထွက်ပါနဲ့၊ မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း (Mask)တတ်ပါ၊ မျက်နှာအကာ တတ်ပါ၊ လက်ကိုမကြာ ခဏဆေးပါလို့ ကျွန်တော်တို့ မှာကြားလိုပါတယ်၊ နောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကိုလည်း ရှောင်ကြည်ဖို့လိုပါတယ်၊ ဆေးလိုက်သောက်တာတို့ ညအိပ် ပျက်တာ၊ အစားအသောက်မမှန်တာ ဒါမျိုးတွေ မဖြစ်ဖို့လိုပါတယ်၊ နောက်ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားသောက်ဖို့လိုပါတယ်၊ အချိန်မှန်မှန်စားသောက်ဖို့၊ အဟာရ ဖြစ်တဲ့အစားအစာတွေကို စားပေးစေချင်ပါတယ်၊ နောက်တစ်ခုကလည်း ကိုယ်လက်လေ့ကျင့်ခန်းတွေ ကျန်းမာရေးလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးစေချင်ပါတယ်၊ ဒီလိုလုပ်မယ်ဆိုရင်တော့ ကိုဗစ်ရောဂါ ကင်းဝေးမှာဖြစ်ပါတယ်” ဟုပြောကြားသည်။

 

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်သင့် သည်များ သိရှိနိုင်ရန်အတွက် အသိပညာပေးမှုများကို သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့တွင် ကိုဗစ်နှင့်ပတ်သက်ပြီး မှန်ကန်သည့်သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အတွက် ထုတ်ပြန်လျက်ရှိ သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website နှင့် တရားဝင် Facebook Page များတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးမှုများ၊ ရှောင်ရန်၊ ဆောင်ရန်များကို ထုတ်လွှင့်တင်ပြလျက်ရှိသည်။ အဆိုပါ ထုတ်လွှင့်တင်ပြချက်များကို ပြည်သူများ အနေဖြင့် အလေးထား၍ အလွယ်တကူဖတ်ရှုလေ့လာကာ လိုက်နာကြစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

စစ်တွေမြို့ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဇူလိုင်လ ၁၄ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံလူနာ များနှင့်ပတ်သက်၍ ဒေါက်တာကြည်လွင်က “စစ်တွေမြို့မှာ ဒီနေ့ထိ ကိုဗစ်ရောဂါဖြစ်ပွားသူပေါင်း ၂၁၄ ဦးရှိပါတယ်၊ လောလောဆယ်မှာတော့ ဆေးရုံမှာ ၉၁ ဦးဘဲ ရှိပါတယ်၊ ကျွန်တော်တို့ စစ်တွေဆေးရုံကြီးမှာ သက်တော်ရှည် မဏိရတနာကျောင်းတိုက် ဆရာတော် ကြီးနဲ့ ဗောဓိကျောင်းတိုက်က ဆရာတော်ကြီးနှစ်ပါး ကိုဗစ်ရောဂါဖြစ်လို့ ဆေးရုံတက် ရောက်နေကြ ပါတယ်၊ ဒီဆရာတော်ကြီးနှစ်ပါးကလည်း ရောဂါသက်သာပြီးတော့ ကျန်းကျန်းမာမာရှိနေကြောင်း သတင်းစကားပါးလိုပါတယ်၊ ကျန်တဲ့လူတွေထဲမှာ အောက်ဆီဂျင်ပေးနေရတဲ့လူတွေလည်းရှိပါတယ်၊ နောက်အောက်ဆီဂျင် ပေးစရာမလိုဘဲနဲ့ သာမန်စောင့်ကြည့်နေရတဲ့ရောဂါသည်တွေလည်းရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီစစ်တွေဆေးရုံကြီးမှာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် အထူးဂရုထားပြီးတော့ ဆောင်ရွက်ထားတာရှိပါတယ်၊ ပုံမှန်အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု အနေနဲ့ ကတော့ စစ်တွေဆေးရုံကြီးမှာ တစ်နေ့မှာ အိုးကြီး ၆၀ ထုတ်လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ အရင်ပုံမှန် သုံးစွဲမှုအနေနဲ့ကတော့ ၄၀ လောက်ရှိပါတယ်၊ ကိုဗစ်လူနာအနည်းအများအပေါ်မူတည်ပြီးတော့ သုံးစွဲမှုတွေတက်လာတာရှိပါတယ်၊ အောက်ဆီဂျင်ကတော့ ပုံမှန်အနေနဲ့ကတော့ ဖျားနာဆောင်တွေ၊ မွေးကင်းစကလေးဆောင်၊ ခွဲစိတ်ဆောင်၊ နောက်ကုသမှုပေးနေရတဲ့ တခြားအဆောင်တွေ၊ သားဖွား မီးယပ်ဆောင်တွေမှာ အောက်ဆီဂျင်ပုံမှန်သုံးနေရတာ တွေရှိပါတယ်၊ ကိုဗစ်လူနာတွေများလာ တဲ့အခါကျတော့ အောက်ဆီဂျင်သုံးစွဲမှုတွေ တက်လာတာရှိပါတယ်၊ ကျွန်တော်တို့ အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေးအတွက် ကျွန်တော်တို့ အရန်အလုံး ၁၀၀ ထိ အဆင်သင့်စီမံဆောင်ရွက် ထားပါတယ်” ဟုပြောကြားသည်။

 

ထို့အပြင် ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို လူဦးရေ  တစ်သိန်း ကျော်ကို ထိုးနှံပေးထားလျက်ရှိသည်။ စစ်တွေမြို့တွင်လည်း လူဦးရေ တစ်သောင်းကျော်ကို ထိုးနှံပေး ခဲ့ပြီးဖြစ်သည်။ အလားတူ နောက်ထပ်ကျန်ရှိသော သူများကိုလည်း ဦးစားပေးအလိုက် ထိုးနှံပေးသွား မည်ဖြစ်သည်။ ထို့သို့ထိုးနှံပေးခဲ့ရာတွင် အထူးသဖြင့် ပြည်သူများနှင့် ဆက်ဆံထိတွေ့ရသည့် ကျန်းမာရေးဝန်ထမ်းများ၊ တခြားသော ဝန်ထမ်းများ၊ ကုန်စည်ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်းစသည်ဖြင့် ကျန်ရှိသော ဝန်ထမ်းများကိုလည်းထိုးနှံပေးသွားရန်စီစဉ်လျက်ရှိပြီး  အသက်ကြီးရွယ်အိုများကို လည်းဦးစားပေးအနေဖြင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်နိုင်သော ရောဂါဖြစ်သော်လည်း ကာကွယ်၍ရသော ရောဂါလည်းဖြစ်ကြောင်း၊ ကာကွယ်မည့်နည်းလမ်းများသည်လည်း ခက်ခဲသည့်နည်းလမ်းများ မဟုတ်ပါကြောင်း၊ မလိုအပ်လျင် အိမ်အပြင်ကို မထွက်ကြပါရန်၊ မဖြစ်မနေထွက်ရမည်ဆိုလျင်လည်း (Mask) တတ်ကြပါ၊ လက်ကိုမကြာခဏဆေးကြပါ၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောမည်ဆိုလျင် ကိုဗစ်ရောဂါပိုးများသေဆုံးနိုင်ပါကြောင်း၊ ထိုကိစ္စများသည် လွယ်ကူသည့် နည်းလမ်းများဖြစ်ပြီး ကာကွယ်နိုင်သည့်နည်းလမ်းများလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထက်ပါ နည်းလမ်းများကို ပြည်သူအားလုံးက လိုက်နာကျင့်သုံးကြမည်ဆိုလျင် ကိုဗစ်ရောဂါကင်းဝေးပြီး နိုင်ငံသူ နိုင်ငံသားများ ကျန်းမာကြမည်ဖြစ်ကြောင်း ဒေါက်တာကြည်လွင်ကပြောကြားသည်။

 

တင်ထွန်း