မောင်တော ဇူလိုင် ၁၆
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုအခါ မောင်တော မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်နှံ့မှု များပြားနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေး၊ မြို့နယ်အတွင်း အောက်စီဂျင် ပြတ်လတ်မှုမရှိစေရေး နှင့် Home quarantine ထားရှိသည့် နေအိမ်များအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက နေအိမ်ပြင်ပ မထွက်စေရေး စနစ်တကျ ထိန်းချုပ်ပူးပေါင်း ဆောင် ရွက်ရန် ပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံမှ လက်ရှိ ပြည်သူ့ဆေးရုံ၌ ပိုးတွေ့လူနာအချို့ အောက်စီဂျင် ပေးနေရမှု အခြေအနေ၊ ပြည်သူ့ဆေးရုံ၌ အောက်စီဂျင် လိုအပ်ချက်များ၊ ပိုးတွေ့လူနာများ၏ အခြေအနေများ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား Home quarantineထားရှိမှု အခြေအနေများအား ရှင်းလင်း ပြော ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်မှ လက်ရှိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ များ ထားရှိသည့် ကိစ္စရပ်များ ၊ ယာယီကုသရေးနေရာများတွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်း ချုပ်ရေး အတွက် နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးနေမှု၊ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်မှုများ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် တက်ရောက်လာသော ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးဆိုင်များအား နေ့တစ်ဝက်ပိတ်ထားခဲ့ရာမှ ဈေးများတွင် မရှိမဖြစ် လိုအပ် သော စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းရောင်းချသောဆိုင်များသာဖွင့်ခွင့်ပြုရန် ၊ အရေးတကြီး မလိုအပ်သော ဆိုင် များ(ဉပမာ-အဝတ်အထည်၊ ကုန်မာ ၊လျှပ်စစ်ပစ္စည်းဆိုင်)များအား ၊ ယာယီ ပိတ်ထားရန် ညွန်ကြားခဲ့ပြီးဖြစ်ကြောင်း ဈေး ရောင်း/ဝယ်များအနေဖြင့် နှာခေါင်းစည်း များတပ်ဆင်ပြီးမှ ဈေးရောင်းချစေရန်၊ စားသောက်ဆိုင်မျာအနေဖြင့်လည်း ပါဆယ်စနစ်ကို ဖြင့် ရောင်းချစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တ ကျ ကြီးကြပ်ဆောင်ရွက် စေလိုကြောင်း၊ မြို့နယ်အတွင်း အောက်စီဂျင် ပြတ်လတ်မှုမရှိစေရေး ကိစ္စများ ဝိုင်း ဝန်း ဆွေးနွေးကြရာ လို အပ်သည် များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ပေါင်း စပ် ညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး