ရွှေပြည်သာ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေးစားသောက်ဆိုင်များအား ဆိုင်ထိုင်စားစနစ်မှ ပါဆယ် စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဇူလိုင်လ(၇)ရက်နေ့မှစတင်ကြေညာထား၍ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်
ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် ကော်မတီဝင်များကယမန်နေ့ နံနက် ၁၁နာရီအချိန်က မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိနှင့် ဆေးဆိုင်များလည်း ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ကော်မတီဝင်များက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေးစားသောက်ဆိုင်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေချိန်အတွင်း ဆိုင်ထိုင်စားသောက် ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားကြရန်၊ ရောင်းချသူနှင့်လာရောက်ဝယ်ယူသူများ အနေ ဖြင့်လည်းရောဂါပိုးကူးစက်မှုမရှိစေရန် နှာခေါင်းစည်း ( Mask) တပ်ဆင်စေခြင်း ၊ ရောင်းချသည့် အိုး၊ ခွက်များအား သန့်ရှင်းစွာ အသုံးပြုကြရန် နှင့်ဆေးဆိုင်များလည်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများဆေးဝယ်ယူရာတွင် ပြတ်လပ်မှုမရှိစေရန် နှင့် စျေးနှုန်းများကိုလည်းယခင်စျေးနှုန်းအတိုင်း ရောင်းချပေးနိုင်ရေး အသိပညာပေးခြင်းများ ဖြင့် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးမိုး