မုဒုံ ဇူလိုင် ၁၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၁၂၀) ဦး ယမန်နေ့ကထပ်မံတွေ့ရှိခဲ့ကြောင်း မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင်၁၄ ရက်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ ခဲ့သည့်လူနာများနှင့် ထိတွေ့ခဲ့သူ(၁၅၅)ဦးအား မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ PCRဖြင့် Swab ယူပြီး မော်လမြိုင်မြို့ ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပို့ဆောင်ခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၃)ဦး နှင့် မြို့နယ်အတွင်းရှိ အနံ့မရသောသူများအား (Rapid Diagnostic Test ( RDT) ဖြင့် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ်(၂၇)ဦး စုစုပေါင်း(၁၂၀)ဦး ထပ်မံတွေ့ခဲ့ သည်။
ယခုအခါပိုးတွေ့လူနာများသည် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၊ဂျုံးဂျုံးကျတောရ ကျောင်းနှင့် မိုးကုတ်ဝိပဿနာရှိ ကိုဗစ်-၁၉အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူလျက်ရှိပြီး ဇူလိုင်၁၅ရက်နေ့က အတည်ပြုလူနာများအနက်(၉)ဦးဆေးရုံဆင်းခွင့် ရသည်။ မုဒုံမြို့နယ်၌၂၀၂၁ခုနှစ် ဇူလိုင်၁၅ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၃၃၈) ဦး ရှိရာ အတည်ပြုလူနာများအနက်(၂၆)ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာထပ်မံပြမှုမရှိသဖြင့် ဆေးရုံဆင်းခွင့် ပြုခဲ့ပြီး သေဆုံးသူ(၂)ဦးရှိကြောင်း မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ