မိုးတွင်းကာလအတွင်း ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှို စိုက်ပျိုးသူများလာ

ချောင်းဆုံ ဩဂုတ် ၁၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်မှိုစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေများရရှိစေပြီး အိမ်တွင်းစရိတ်ကာမိစေရန်အတွက်  မှိုစိုက်ပျိုးခြင်းကို ကမာမို ကျေးရွာနှင့် ကျေးရွာအချို့တို့တွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

"မှိုလုပ်ကိုင်တာတော့ (၆) နှစ်လောက်ရှိပြီး အရင်ကတော့ မှိုမျိုးစေ့တွေကို ကိုယ်တိုင်လုပ်ပြီး ပျိုးထုပ်တွေအများကြီးနဲ့ လုပ်ကိုင်ဖြစ်တယ်၊ ယခုမိုးရာသီမှာတော့ ပျိုးထုပ် (၉၀၀) ကျော် လောက်ပဲ လုပ်ဖြစ်တော့တယ်၊ ရာသီဥတုပူတဲ့အတွက်ကြောင့် မှိုအထွက်နည်းတော့ တစ်နေ့ကို (၂) ပိဿာ၊ (၃) ပိဿာ လောက်တော့ထွက်တယ် ပြီးရင်ဖောက်သည်ပေးတာလဲရှိသလို ကိုယ်တိုင်ဈေးမှာ သွားရောင်းတာလဲရှိပါတယ်" ဟု မှိုစိုက်ပျိုး ရောင်းချလုပ်ကိုင်သူ ဒေါ်အေးသန်းကပြောသည်။

စိုက်ပျိုးထားသည့် မှိုများမှာ ငွေနှင်းမှုံမှို၊ ကြွက်နားရွက်မှိုများကို အများဆုံးစိုက်ပျိုးပြီး ပျိုးစေ့ထုတ်လုပ်ရာတွင် လွှစာမှုန့်နှင့် မှိုမျိုးစေ့များကို စနစ်တကျပေါင်းပြီး လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ ပျိုးထုပ်များကို (၁၀၀) ကျပ်မှ (၂၀၀) ကျပ်ဖြင့် ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ မြို့နယ်တွင်တစ်နိုင်တစ်ပိုင်မှိုစိုက်ပျိုးခြင်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်သူများ ယခင်က မရှိသော်လည်း ယခုအခါ ကမာမိုကျေးရွာ၊ ကွမ်ရိုက်ကျေးရွာနှင့် ဒေါင်းဥကျေးရွာတို့ တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကာ အများစုမှာ ကောက်ရိုးမှို၊ ငွေနှင်းမှုံမှိုနှင့် ကြွက်နားရွက်မှို များကို သာ အများအားဖြင့် စိုက်ပျိုးကြပြီး ဒေသပေါက်ဈေးအနေဖြင့် ငွေနှင်းမှုံ (၁)ပိဿာလျှင် ငွေကျပ်(၂၀၀၀) ကျပ်မှ ကနေ (၃၅၀၀)ကျပ် ထိရှိပြီး ကြွက်နားရွက်မှို အခြောက် (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀) ကျပ်ထိရှိကြောင်း သိရသည်။

ထူးအိမ်(ပြန်/ဆက်)