သန်လျင်၌ ကိုဗစ်- (၁၉) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်

သန်လျင် ဇူလိုင် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မီးသတ်ယာဉ်ဖြင့် အသိပညာပေးခြင်းအား ယမန်နေ့ညပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပူပေါင်းအဖွဲ့များက မီးသတ်ယာဉ်ဖြင့် သန်လျင်မြို့နယ်အတွင်းလှည့်လည်ကာ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာလျှင် ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield)တို့အား စနစ်တကျတပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တက်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်းအသုံးများသောအခန်းများ၊ လေဝင်/ လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှရှောင်ကျဉ်ရန်၊ နေအိမ်ရှိ အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်၍ ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကျဉ်ရန်၊ အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြရန်၊ ပါးစပ်နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော စျေးရောင်းချသူများထံမှ စျေးမဝယ်ကြရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်- ၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်တို့အား နှိုးဆော်ထားရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၂၈၀ ဦးရှိပြီး ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူ ၁၂ ဦးအထိ စံချိန်တက်မြှင့်တက်လာသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ပေးပါရန် သက်ဆိုင်ရာမှ အသိပေးနှိုးဆော်ထားရှိကြောင်း သိရသည်။