အမ်း ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ အေးရိပ်သာကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့က အောက်ဆီဂျင်စက်ရုံတည်ဆောက် ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကို မြို့နယ်အတွင်း အရေးပေါ်လူနာများနှင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို ထောက်ပံ့ပေးနိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့က တည်ဆောက် ရခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ(၁၄)ရက်နေ့မှစ၍ စေတနာရှင်ပြည်သူများစုပေါင်းကာ အလှူငွေကျပ် သိန်း(၇၀၀)ကျော်ခန့် ပါဝင်လှူဒါန်းခဲ့ကြောင်း၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်း(၁၀၀၀)ကျော်ခန့်ဖြစ်ကြောင်း၊ စေတနာအလှူရှင်များမှ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း၊ ၎င်းအောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေး ကုမ္မဏီနှင့်ချိတ်ဆက် စီစဉ်ဆောင်ရွက် လျှက် ရှိကြောင်း၊ အောက်ဆီဂျင်စက်ရုံပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာဘူး (၁၀၀)လုံးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ (အတွင်းရေးမှူး) ဦးဇော်လင်းထွန်း၏ပြောကြားချက်အရသိရှိရသည်။
ယခုအခါ အောက်ဆီဂျင်စက်ရုံမရှိသဖြင့် လိုအပ်သည့် အောက်ဆီဂျင်များကို မကွေးမြို့နှင့်၊ မန္တလေးမြို့မှ သွားရောက်ဝယ်ယူ၍ အသုံးပြု နေရကြောင်း၊ အရေးပေါ်လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်မရရှိလျှင် အခတ်အခဲများရှိသဖြင့် အောက်ဆီဂျင် စက်ရုံတည် ဆောက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
စိုးမင်းထွန်း