ကချင်ပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်း

မြစ်ကြီးနား ဇူလိုင် ၁၅

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းမှုကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယနေ့ ကာလသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာပါကြောင်း၊ ကချင်ပြည်နယ်တွင်လည်း အလားတူ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသဖြင့် ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မှု အားကောင်းလာမှသာ အကောင်းဆုံး၊ အနည်းဆုံးနှင့် အသက် သာဆုံးဖြတ် ကျော်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်စီမံအုပ်ချုပ်‌ရေး ကောင်စီအနေဖြင့် ယခုလို ကာလတွင် တတ်နိုင်သလောက် လာရောက်ပူးပေါင်းလှူဒါန်းကြမှုကို ကျေးဇူးတင်ဂုဏ်ပြုမှတ် တမ်းတင်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် အသုံးပြုရန် အလှူငွေများ ပေးအပ်လှူဒါန်းမှုများနှင့် ပတ်သက်၍ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်အုန်းက ပြည်နယ်အတွင်းရှိ ပြည်နယ်လမ်းဦးစီးဌာန၊ ခရိုင်အထူးအဖွဲ့များနှင့်ပြည်နယ် လမ်းဦးစီးဌာန ကြီးကြပ်မှု အောက်ရှိ တင်ဒါစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေကြသည့် ကုမ္ပဏီလုပ်ငန်းများရှင်များမှ စုပေါင်း၍ ပေးအပ် လှူဒါန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အလှူငွေကျပ် ၁၀၈၀၀၀၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ထို့နောက် အလှူငွေများ လက်ခံရရှိမှုနှင့် စပ်လျဉ်း၍ ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာပြောကြားခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)