ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာများထားရှိမည့် Quarantine Center အား စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကျောက်ဖြူ  ဇူလိုင်  ၁၅

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ နေ့စဉ်နှင့်အမျှ များ ပြားလာလျှက်ရှိရာ ၎င်းပိုးတွေ့အတည်ပြုလူနာများအား ထားရှိရန်အတွက် အရာရှိရပ်ကွက်ရှိ ပညာ ရေးကောလိပ်ကျောင်းကို Quarantine Center အဖြစ်ထားရှိ၍  ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ပြု လုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  အရာရှိရပ်ကွက်၊ ပညာရေးကောလိပ်ကျောင်းရှိ အဆောင်များအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ လူနာများအတွက် ကုတင်များအား သတ်မှတ်အကွာအ ဝေးများနှင့်အညီ ထားရှိခြင်း၊ ရေချိုးခန်း၊ အိမ်သာများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျောင်းခြံဝင်း အတွင်းရှိ ခြုံနွယ်ပေါင်းပင် အမှိုက်သရိုက်များအားများအား ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပညာရေးကောလိပ်ကျောင်း Quarantine Center တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၄ ဦးထားရှိမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားသည်။

 

ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဇူလိုင် ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာ ၉၂ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၄ ဦးရှိကာ သေဆုံးသူ ၃ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။  

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း