မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

မိတ္ထီလာ ဇူလိုင် ၁၅

မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်ရန် ယနေ့ နံနက်က  အဖွဲ့(၄)ဖွဲ့ဖြင့် မြို့ဝင်လမ်းဆုံနေရာများတွင်  ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကြောင့် ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး   ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများ နေအိမ်များတွင် နေထိုင်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေပြင်ပသို့ ထွက်ခွာရပါက နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြရန် ရပ်ကွက် ကျေးရွာများတွင် အသိပေးညွှန်ကြားထားရှိပြီးဖြစ်ရာ အဆိုပါ ညွှန်ကြားချက်များကို ဒေသခံပြည်သူများက လိုက်နာမှုများ ရှိ/မရှိ စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အဖွဲ့(၄)ဖွဲ့ဖြင့်  ရန်ကုန်-မန္တလေးသွားကားလမ်း၊ ရတနာမာရ်အောင် ရပ်ကွက် ရန်ကုန်လမ်းဆုံ (ရပ်တော်မူဘုရားအနီး)၊ မိတ္ထီလာ-မြင်းခြံသွားကားလမ်း ဝန်ဇင်းရပ်ကွက် မေတ္တာရေကြည် ဆေးခန်းအနီး၊ ရန်ကုန်-မန္တလေးသွား ကားလမ်း ပြည်သာယာ(တောင်)ရပ်ကွက် (၃)လမ်းထိပ်အနီး၊ မိတ္ထီလာ-ကျောက်ပန်းတောင်း သွား ကားလမ်း (ဗဟိုပို့ဆက် သင်တန်းကျောင်းအနီး)တို့တွင် ရပ်ကွက် ကျေးရွာများမှ ဒေသခံပြည်သူများအား  နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး တပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်းများ တပ်ဆင်နိုင်စေရန် အခမဲ့ဖြန့်ဝေပေးအပ်ပြီး တပ်ဆင်စေခြင်းနှင့်  နောင်တွင်လိုအပ်ချက်ရှိ၍ နေအိမ်မှ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြစေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း   သိရသည်။

သိန်းမြင့်ကျော်