မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် Quarantine Center ထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မလှိုင် ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများ တွေ့ဆုံ၍ ကျေးရွာများတွင် Quarantine Center ထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ထွေ/အုပ်ရုံး အစည်းဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လမ်းညွှန်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ပတ်သက်၍ ဝန်ထမ်းများ သိရှိအောင် ရှင်းလင်း ပြောကြားပြီး  ကြိုတင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ အထူးမှာကြားလိုသည်မှာ ကျေးရွာများတွင် Quarantine Center ထားရှိနိုင်အောင် ကျိုးစားကြစေလိုကြောင်း၊ အခက်အခဲရှိပါက မြို့နယ်ရုံးသို့ ဆက်သွယ်တင်ပြ အကူညီတောင်းခံသွားရန်၊ Quarantine Center မရှိပါက အဝေးမှပြန်လာသူများကို အသွားအလာ ကန့်သတ်ပြီး အိမ်မှာ(၁ဝ)ရက်ပြည့်အောင် Home Quarantine နေပေးရမှာဖြစ်ကြောင်း၊ သဘောပေါက်အောင် ရှင်းပြပေးရန်၊ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို ပြည်သူများသိအောင် အသံချဲ့စက်ဖြင့် မပြတ်ကြေညာပေးရန် ဆွေးနွေး မှာကြားခဲ့သည်။

ယင်းနောက် ဝန်ထမ်းများအား အလိုအလျှောက်အပူချိန်တိုင်း စက်ကရိယာ အသုံးပြုနည်းကို ရှင်းလင်း ပြသပြီးဖြင့် ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန် ဂျင်းပြုတ်ရေများ တိုက်ကျွေး ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)