ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉၁)ဦး အထိတွေ့ရှိ

ဆိပ်ကြီးခနောင်တို ဇူလိုင် ၁၅

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ဇွန်လ ၃၀ ရက်နေ့မှစ၍ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများစတင် တွေ့ရှိခဲ့ရာ ယမန်နေ့ အထိ မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၉၁) ဦးရှိပြီ ဖြစ်ပြီး၊ သေဆုံးသူ (၆)ဦးနှင့် ရောဂါ ပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရရှိသူ(၆)ဦး ရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ ကုသရေးစင်တာ (မြို့နယ်အားကစား ခန်းမ) နှင့် ကုသရေးစင်တာ(ထ-ခွဲ အလက)ကျောင်းများတွင် ထားရှိကြပ်မတ် ကုသပေးလျက်ရှိပြီး၊ ရောဂါ ဆက်လက် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဦးဆောင်၍၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှလည်း နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ခြင်း၊ Mask များအခမဲ့ ဖြန့်ဝေပေးခြင်း၊ မြို့နယ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များအား အသံချဲ့စက်ဖြင့် မပြတ် လှည့်လည် ကြေညာ ပေး ခြင်း စသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝေယံ