နမ့်ဆန် ဇူလိုင် ၁၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် Facility Quarantine Centre တွင် ထားရှိသူများအား ကိုဗစ်(၁၉) ရောဂါပိုး မရှိ၍ ၎င်းတို့၏ နေရပ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
၎င်း Quarantine Centre တွင် ထားရှိသည့် အမျိုးသား(၅)ဦး အမျိုးသမီး(၅)ဦး စုစုပေါင်း (၁၀)ဦး တို့သည် ဇူလိုင်လ(၁) ရက်နေ့က လောက်ကိုင်မြို့မှ (၇)ဦး လားရှိုးမြို့မှ (၂) ဦး မူဆယ်မြို့မှ (၁) ဦး ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ တက်ကြွလူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက RDT Test Kit ဖြင့် စစ်ဆေးမှု(၂)ကြိမ်ပြုလုပ်ခဲ့ရာ ရောဂါပိုး မတွေ့ရှိ၍ နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ နေရပ်ပြန်မည့် သူများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်နှင့် တာဝန်ရှိသူများက Quarantine ဝင်ရောက်နေစဉ်အတွင်း စည်းကမ်းတကျ နေထိုင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း နေရပ်သို့ပြန်လည်ရောက်ရှိ လျှင်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ရန်နှင့် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက မိမိတို့ထံ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့ပြီး Quarantine ဝင်ရောက်ခဲ့ သည့်သူများကလည်း (၁၄)ရက်အတွင်း မိမိတို့မိသားစုများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ် ပေးသည့် ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း နေထိုင်မှုနှင့် စားသောက်မှုအတွက် လှူဒါန်း ပေးသည့် အလှူရှင်များအားလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး Quarantine Centre အဖြစ် ဖွင့်လှစ်ခဲ့သည့် အဆိုပါနေအိမ်အား ပိုးသတ်ဆေးများ ဖြန်းသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်