မိုင်းယောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ပိုးတွေ့လူနာ (၃)ဦးအား ဆေးကုသမှုခံယူပြီး ကျန်းမာ၍ ဆေးရုံဆင်းခွင့်ပြု

မိုင်းယောင်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ သည့် အတည်ပြုလူနာ အမျိုးသမီးငယ်သုံးဦးသည် ဝမ်ဇလီလော်ကျေးရွာ ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်၌ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ (၃)ဦးထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ဦး၊ လဝကမှူး ဦးပွားမောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်နှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး တို့သွားရောက်ပြီး အိမ်ပြန်နေထိုင်စဉ် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း နေထိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အားပေးစကား ပြောကြားခဲ့သည်။

အဆိုပါဆေးရုံဆင်းခွင့်ရသူ အမျိုးသမီးငယ်သုံးဦးသည် ဝမ်လျှဲန့်ကျေးရွာ၊ ယမ်းပုံးကျေးရွာနှင့် အမှတ်(၂)ရပ်ကွက်တို့မှ ဖြစ်ကြကာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်တို့က အသင်းပိုင်မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့ ကြသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာ စုစုပေါင်း(၇)ခုနစ် ဦး ရှိသည့်အနက် ယနေ့ဇူလိုင်လ ၁၅ ရက်နေ့က အမျိုးသမီးငယ်(၃)ဦးကို ဆေးရုံမှဆင်းခွင့် ပြုခဲ့ရာ လက်ရှိ၌ အတည်ပြုလူနာ(၄)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

အားချာ