ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး‌‌ အတည်ပြုလူနာ (၂၃၆) ဦးအထိရှိပြီဖြစ်

ရွှေပြည်သာ  ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်  ဇူလိုင်လ ၁၄ရက်နေ့ နံနက်ပိုင်း အထိ ကိုဗစ် -၁၉ရောဂါအတည်ပြု လူနာ (၂၃၆)ဦးအထိရှိပြီး ၊ ဆေးရုံဆင်းခွင့်ရှိသူ (၃)ဦးနှင့်  သေဆုံးသူ(၂၃)ဦး ရှိကြောင်း   မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။   

ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှု ဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ ပရဟိတအသင်းအဖွဲ့များနှင့်  တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်၊ကျေးရွာများအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို သွားရောက်ခေါ်ဆောင်၍ အစာစပ်စက်ရုံ (Quarantine Center) တွင် Swab ယူ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ (၄၅)ဦး တွေ့ရှိခဲ့သည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် အတည်ပြုလူနာများအားတာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့ အသီးသီး ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ မြင့်မားလာသည့်အတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မလိုအပ်ပဲ အိမ်အပြင်သို့ မထွက်ကြရန်၊ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန်၊ မြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ  သတိပေး ထုတ်ပြန်ထားသည်။ မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်မှု  လျော့နည်းစေရန်အတွက်   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့၊  ပရဟိတအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးမိုး