မိုင်းယောင်းမြို့တွင် ဒေသထွက် နှင်းသီး ဝယ်ယူစားသုံးသူများပြား

မိုင်းယောင်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း နှင်းသီး(ကြောင်မျက်လုံးသီး)ကို ဝယ်ယူစားသုံးသူများပြားသဖြင့် ခူးယူရောင်းချသူများ အဆင်ပြေလျက်ရှိသည်။

အရသာထူးခြားကောင်းမွန်သည့် မိုင်းယောင်းဒေသထွက် နှင်းသီးသည် ဈေးကောင်းရ၍ ဈေးကွက်ဝင် နှင်းသီးဖြစ်ကြောင်း၊ ဈေးလည်းချိုကြောင်း၊ ထို့ကြောင့် မိုင်းယောင်းဒေသ ထွက် နှင်းသီးကို စားသုံးသူများ၍ နှင်းသီး နှစ်စည်းလျှင် ကျပ် ၅၀၀ ရောင်းရကြောင်း သိရ သည်။

ရာသီပေါ်သီးနှံဖြစ်သော ဒေသခြံထွက် နှင်းသီးများသည် ယခုနှစ်တွင် အထွက်နည်းပြီး အထူးရောင်းအားကောင်းကာ ယခင်နှစ်ထက် ဈေးပိုမိုရကြောင်း သိရသည်။ မိုင်းယောင်းတွင် နှင်းသီးကို စားသုံးရန် နေအိမ်ခြံဝင်းထဲနှင့် ဥယျာဉ်ခြံမြေ၊ အိမ်ပိုင်မြေများရှိ စည်းရိုးများတွင် စိုက်ပျိုးထားကြကြောင်း သိရသည်။

အသီး၏အရွယ်ပေါ်မူတည်၍ ဈေးကောင်းရရှိသည်။ မိုင်းယောင်းမြို့မှ ထွက်ရှိသော နှင်းသီးများကို တာလေ၊ မိုင်းဖြတ်မြို့များမှတစ်ဆင့် တာချီလိတ်၊ ကျိုင်းတုံမြို့ကြီးများအထိ တင်ပို့ရောင်းချလျက်ရှိရာ နှင်းသီး(ကြောင်မျက်လုံးသီး) စိုက်ပျိုးသူများ ဝင်ငွေကောင်းလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စိုင်းအောင်ဇော်လင်း