ဟိုပင် သြဂုတ် ၁၂
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ − ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပထမအကြိမ်မဲဆန္ဒရှင်များ စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်ထိ ထုတ်ပြန်ကြေညာထားရာမှ သြဂုတ် ၁၄ ရက်ထိ တိုးမြှင့်ထားကြောင်းကို ဟန်းစပီကာများဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ညစဉ်လှည့်လည် ကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများရှိ မဲဆန္ဒရှင်စာရင်းများတွင် မိမိအမည်စာရင်းပါမပါနှင့် ကိုယ်ရေးအချက်အလက်များ မှန် မမှန်တို့ကို ကြည့်ရှုပြီး တစ်စုံတစ်ရာ မှားယွင်းမှုရှိပါက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံ သတ်မှတ်ပုံစံများဖြင့် စနစ်တကျတောင်းဆို လျှောက်ထားရမည်ဖြစ်ရာ ဟိုပင်မြို့ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြည့်ရှုသူများနှင့် သတ်မှတ်ပုံစံများဖြင့် လျှောက်ထားသူများ သြဂုတ် ၁၂ ရက်ထိ ရှိနေသေးကြောင်း နန့်ရင်းကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးသန်းထွန်းထွန်းထံမှ သိရှိရသည်။
ဟိုပင်မြို့တွင် ရပ်ကွက်ကျေးရွာ အုပ်စုများအတွက် မဲရုံ ၂၃ ရုံထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင် စုစုပေါင်း ၃၉၇၄၄ ဦးရှိကာ မဲရုံတစ်ရုံလျှင် မဲဆန္ဒရှင် ၂၀၀၀ ဦးကျော် မဲပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုးတိုးမေ (ဟိုပင်)