လမ်းမတော် ဩဂုတ် ၁၂
လမ်းမတော်မြို့နယ် UMFCCI တွင် Japan International Cooperation Agency (JICA) ရန်ကုန်ရုံးခွဲမှ ကိုယ်စားလှယ် Mr.SANO Yuji နှင့်အဖွဲ့ဝင်တစ်ဦးတို့သည့် ယမန်နေ့ မွန်းလွဲပိုင်းတွင် အသင်းချုပ်သို့ လာရောက်၍ ဥက္ကဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများကို တွေ့ဆုံကာ COVID-19 အကျပ်အတည်း ကာလ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် JICA မှ ကျင်းပ ပြု လုပ်မည့် အွန်လိုင်း ဆွေးနွေးပွဲ အတွက် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
COVID-19 ကပ်ရောဂါကာလ SMEs လုပ်ငန်းများထိခိုက်မှုမှသည် ပြန်လည်နလံထူ၍ ရေရှည်ဖွံ့ဖြိုး တိုးတက်သော လုပ်ငန်းများအဖြစ် ထူထောင်နိုင်ရန်အတွက် JICA မှ သက်ဆိုင်ရာ အစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းမှဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ် ပေးသွားမည် ဖြစ်သည်။ ယင်း အွန်လိုင်း ဆွေးနွေးပွဲတွင် SMEs လုပ်ငန်းများ အတွက် အသုံးဝင်မည့် စီမံခန့်ခွဲမှုနည်းလမ်းများ၊ နည်းဗျူဟာများနှင့် သတင်း အချက်အလက် များကို ပံ့ပိုးပေးခြင်း၊ JICA SME Two Steps Loan လျှောက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို အသိပညာပေးခြင်းတို့ဖြင့် ပါဝင် ဆွေးနွေး ပေးသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲကို စက်တင်ဘာ လတွင် (၂) ရက်တာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် ဆွေးနွေးပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးသို့ အသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး များ ဖြစ်သော ဦးကျော်ဒေဝ၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးသန့်နှင့် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြပြီး ကုန်သည် စက်မှု အသင်းချုပ်မှ ယင်းဆွေးနွေးပွဲတွင် ပံ့ပိုးပါဝင်ပေးရမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်း ဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်