နမ့်ဆန် ဇူလိုင် ၁၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့် နေရာများသို့ ယမန်နေ့က RDT Test Kit ဖြင့် နမ့်ဆန်မြို့နယ် လုံးဆိုင်ရာ တက်ကြွလူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ က စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း (၁၀) ဦးထိ ရှိလာကြောင်း သိရ သည်။
ပန်စေမိန်းကျေးရွာ နေအိမ်အလွတ်တွင် Quarantine ထားရှိသူ(၂)ဦး၊ လွယ်ခမ်းကျေးရွာ နေအိမ်အလွတ်တွင် Quarantine ထားရှိသူ(၂)ဦး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine Centre တွင် ထားရှိသူ (၄)ဦး၊ လူသားအရင်းအမြစ် ဘော်ဒါဆောင် Facility Quarantine Centre တွင် ထားရှိသူ (၁)ဦး၊ မန်ကန်ကျေးရွာ (၁၇)မိုင် ကျောက်ကွင်းတွင် ထားရှိသူ (၁၈)ဦး၊ မန်ပန်ကျေးရွာ (အမက) ကျောင်း Facility Quarantine Centre တွင် ထားရှိသူ (၈)ဦး ဘန်ကောက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ Facility Quarantine Centre တွင် ထားရှိသူ(၃)ဦး၊ ဇယ်တုန်ဟုန်းကျေးရွာ နေအိမ်အလွတ်တွင် Quarantine ထားရှိသူ(၇)ဦး စုစုပေါင်း(၄၅) ဦးအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine Centre တွင် Quarantine ဝင်ရောက်နေသူ ကျောက်မဲမြို့မှ ပြန်လည်ရောက် ရှိလာသည့် အမျိုးသား(၁) ဦးထံတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပိုးတွေ့လူနာများအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိပ်သာရှိ သီးသန့် ကုသဆောင် တွင် ထားရှိကာ ဆေးကုသမှုများ ပြုလုပ်သွားမည်ဖြစ်ပြီးမြို့နယ်အတွင်း Quarantine ဝင်ရောက် နေသူများအား စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
စည်သူမောင်မောင်