မိုင်းယုမြို့ရှိ ဈေးဆိုင်များနှင့် ကားဂိတ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ လိုက်လံစစ်ဆေးသတိပေး

မိုင်းယု ဇူလိုင် ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဈေးဆိုင်များနှင့် ကားဂိတ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံ စစ်ဆေးမှုကို ယမန်နေ့ညနေပိုင်းက မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့မှ လိုက်လံစစ်ဆေးသတိပေးခြင်းများပြုလုပ်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာသို့ မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် အဖွဲ့ဝင်များက အများပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်နှင့် ကားဂိတ်တို့တွင် ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍ အဝင်ဝတွင် လက်ဆေးရည်(Hand Gel)များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများလဲ နှာခေါင်းစည်း(Mask)တပ်ဆင်၍ ခြောက်ပေ အကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချစေရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို လိုက်လံစစ်ဆေး သတိပေး ခဲ့ကြသည်။

ယင်းနောက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ဆိုင်ထိုင်၍ စားသောက် သုံးဆောင်ခြင်းများ ခွင့်မပြုတော့ဘဲ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချစေရန်၊ ဆိုင်ထိုင်စားသောက် ခွင့်မပြု ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းသည်စသည့်စာတန်းများ ဆိုင်အဝင်ဝတွင် အသိပေး ချိတ်ထားရန်စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြပြီး အဆိုပါ လမ်းညွှန်ချက်များအား ပညာပေးကာလအတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဆိုင်များအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်ကော်မတီအဖွဲ့ထံမှ သိရသည်။

ကိုကိုနိုင်(မိုင်းယု)