မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မိုင်းဆတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားနေသည့်ကာလတွင် မိုင်းဆတ်ခရိုင်အတွင်းရှိမြို့နယ်များ၏ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငွေကျပ်သိန်း(၈၀၀)တန် အောက်ဆီဂျင် ထုတ်စက်ဝယ်ယူရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ မှ ငွေကျပ်သိန်း(၅၅၀)ထောက်ပံ့ပေးမည်ဖြစ်၍ လိုအပ်သောငွေကျပ်သိန်း(၂၅၀) အား ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များ ပါဝင်လှူဒါန်း နိုင်ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အစည်းအဝေးတက်ရောက်လာသူ များက ဆေးရုံများတွင် အောက်ဆီဂျင်စုဆောင်းထားရှိမှု၊ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေး မြို့ဝင်ထွက် ဂိတ်များတွင် စစ်ဆေးဆောင်ရွက်နေမှု၊ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှု၊ ကုသဆောင်ရွက်ပေးနေမှုနှင့် အလှူငွေရရှိရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန် ရွှေရှမ်းဟန်ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်(၅) သိန်း၊ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ်(၅)သိန်း၊ တော်ဝင်တန့်ဆိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်သိန်း(၅၀)၊ နော်ရှဲလားဟူကုမ္ပဏီမှ ငွေကျပ်သိန်း(၅၀)နှင့် Family Zion ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်သိန်း(၅၀)မတည်လှူဒါန်းခဲ့သည်။

အဆိုပါ ငွေကျပ်သိန်း(၈၀၀)တန်အောက်ဆီဂျင်ထုတ်စက်သည် တစ်ရက်လျှင် (၁၅)လီတာဆံ့ စလင်ဒါ အလုံး(၄၀)ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြင့်မောင်