ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်

ညောင်ဦး ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်း တွင် ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနေမျိုးဝင်းက ညောင်ဦးခရိုင်အတွင်းတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း များကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စိစစ်ရမည်ဖြစ်ကြောင်း၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို စိစစ်မှာဖြစ်ပြီး ကိုယ်စားလှယ် အရည်အချင်း ပြည့်စုံမှု ရှိ/မရှိ စနစ်တကျစိစစ်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမင်းသန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း စိစစ်ခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအား တက်ရောက်လာကြသော ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရှင်းလင်းပြောကြားသည်။

ညောင်ဦးခရိုင်အတွင်းတွင် နိုင်ငံရေးပါတီ (၆) ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄) ဦး တက်ရောက်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) နေရာအတွက် ကိုယ်စားလှယ် လောင်း (၁၀)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁)နေရာအတွက် ကိုယ်စားလှယ်လောင်း (၄) ဦး ဖြစ်ကြပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း (၁၄) ဦးတို့၏ အမည်စာရင်းတင်သွင်းလွှာများအား စိစစ်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊ KPD