ကျိုင်းတုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မိုင်းလန်းအုပ်စု ဝမ်ဆိုင်းကျေးရွာ၌ ယမန်နေ့ ညနေ (၆)နာရီ (၃၀)ခွဲခန့် အချိန်က လူနေအိမ်အား မီးဖိုဆောင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မိုင်းလန်းအုပ်စု ဝမ်ဆိုင်းကျေးရွာနေ ဦးဘူဒေသည် နေအိမ်ရှိ မီးဖိုဆောင်အတွင်း မီးဖိုထားခဲ့ပြီး တောင်ယာသွားရောက်လုပ်ကိုင်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးမင်းမောင်၊ မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်ထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့(၉)ဦး၊ အရံမီးသတ်တပ်ဖွဲ့(၅)ဦးနှင့် မိုင်းလန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆိုင်းဆမ်လီတို့က မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက် ငြှိမ်းသတ်ရာ ည (၇)နာရီ(၃၀)ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အလျား ၂၈ပေ အနံ ၁၅ပေ ပျဉ်ထောင်(၂)ထပ်အိမ်တစ်လုံး၊ နေအိမ်အတွင်းရှိ Dream-125 (အနက်ရောင်)တစ်စီးနှင့် သုံးဘီးဆိုင်ကယ်(အဝါရောင်)တို့ ဆုံးရှုံးခဲ့ရပြီး လူ၊ တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးအား ပေါ့ဆစွာအသုံးပြုသူ ဦးဘူဒေ (အဘ ဦးဂျနွေ)အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စိုင်းရွှေအောင်