မိုင်းယုမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်

 

မိုင်းယု ဇူလိုင် ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုံ့ပြန် ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီကြပ်ရေးအဖွဲ့(၁)မှ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်၍ နှိုးဆော်ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှု ကြီကြပ်ရေးအဖွဲ့(၁)မှ မြို့မရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျောက်အင်ထလျဲန်းဦးဆောင်သည့်အဖွဲ့မှ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ နေထိုင်ရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ နေထိုင်ပြောဆိုကြရန်၊ မိမိနေအိမ်အတွင်း၌သာ နေထိုင်ရန်၊ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြရန်၊ အလှူ၊ မင်္ဂလာဆောင်နှင့် ပွဲလမ်းသဘင်များ ကျင်းပဆောင်ရွက်ခြင်းမပြုကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန်လိုအပ်ပါက နှာခေါင်းည်း(Mask)တပ်၍ သွားရန်နှင့် လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ခန့် မကြာခဏ ဆေးကြောပေးရန် စသည့် အသိပေးကြေညာချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာ ကြစေရန် လိုက်လံဆော်ဩခဲ့ကြပြီး ပြည်သူများလိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးနိူးဆော်ခဲ့ကြကြောင်း သိရသည်။

အလားတူ မိုင်းယုဒေသတွင်းရှိ ရပ်ကွက်/ကျေးရွာများတို့တွင်လည်း ကျေးလက်နေပြည်သူများကို အုပ်စုအုပ်ချုပ်ရေးမှူးတို့က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ညစဉ် စဉ်ဆက်မပြတ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ လတ်တလောအခြေအနေရ ခရီးသွားလာမှုယာယီပိတ်ပင်ထားခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များ အတိုင်း နေထိုင်သွားလာကြရန်စသည်တို့ကို အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)