မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌHome Quarantine ထားရှိသူများအား ကြည့်ရှုအားပေး

မိုင်းယောင်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်မန်းကျေးရွာအုပ်စုရှိ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ကြည့်ရှုရာတွင် အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများအတွက် လမ်းညွှန်ချက်များ၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်း စည်း(mask)ကို စနစ်တကျ တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ လူစုလူဝေး ရှောင်ရှားပါ၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ လေဝင်/ လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ စသည့် COVID-19ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာ ပေးအချက်အလက်များကို ရှင်းလင်းပြောကြားပြီး အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ဝမ်မန်းကျေးရွာအုပ်စု၊ ဟွေဆာကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး စာသင်ကျောင်းအုတ်တံတိုင်း ကာရံပြီးစီးမှုအခြေအနေနှင့် ကျေးရွာအဝင် လမ်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း