ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ တာဝန်ထမ်းဆောင်နေသော ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်းများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးမင်းအောင်တို့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလမှစ၍ ယနေ့အချိန်ထိ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးလုပ်ငန်းများကို ရှေ့ဆုံးမှဦးဆောင်၍ ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားများ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာထင်ရှားအောင်က မြို့နယ်ပြည်သူ့ဆေးရုံ၌ လူနာများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးမှုနှင့် ပိုးတွေ့လူနာများအား စီစဉ်နေရာချထားမှုအခြေအနေ၊ ဝန်ထမ်းအင်အား နည်းပါးမှုအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား ဆန် ၅ အိတ်၊ ကြက်သွန်နီ ၃၀ ပိဿာပါ ၃အိတ်၊ ကြက်ဥ ၁၂ ကတ်၊ ငွေကျပ် ၁၈၀၀၀၀ တို့ကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညောင်ကုန်းရပ်ကွက်၌ SAVE လူမှုကူညီရေးအသင်းမှ တည်ဆောက်ပြီးစီးလျက်ရှိသော မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးမည့် အခမဲ့ဆေးခန်းသစ်အား သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်၌ ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာ စုစုပေါင်း ၇၀ ဦးရှိပြီး၊ သေဆုံးသူ ၇ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၉ ဦးတို့အား ကျန်းမာရေးဝန်ထမ်းအိမ်ယာ လိုင်းခန်း ၆ ခန်းတွဲ ၄ ထပ် အဆောက်အဦးသစ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီး၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်