မက်မန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ခင်းကျင်းပြသ

မက်မန်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အတွင်း ဇူလိုင်လ (၁၃) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး က္ကဋ္ဌ ဦးထွန်းလင်းအောင် နှင့် အတွင်းရေးမှူး ဒေါက်တာအောင်ကိုဝင်းတို့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပူးပေါင်းပြီး ယမန်နေ့က အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက (၉-၇-၂၀၂၁)ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကိုဗစ်-၁၉ မိမိကစ၍ကာကွယ်ပါ ဆောင်ပုဒ်အတိုင်း နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ရာတွင် မျက်နှာအကာ Face Shield တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေ ကြရန်၊ လူစုလူဝေအား ရှောင်ကြဉ်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ အလုံပိတ် အခန်း အဲယားကွန်းအခန်းများ နှင့်လေဝင် လေထွက် မကောင်းသော အခန်း များအား တတ်နိုင် သမျှရှောင်ကြဉ်ရန်၊ အပြင်သို့ထွက်ခွာသည့်သူများ အနေဖြင့် အိမ်ရှိအသက် (၆၀)နှစ် အထက် အသက်ကြီးရင့်သူများ နှင့်အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းများ ရှောင်ကြဉ်ရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်ဆင်ထားသည့် ဈေးရောင်းချသူထံမှ ဈေးမဝယ်ပါနှင့် တစ်ဦးနှင့် တစ်ဦးအချင်းချင်းသတိပေးကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူ များအနေဖြင့်ပူးပေါင်းပါဝင်ကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ဆေး နည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာများဌာနများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာကြရန်၊ ကိုဗစ်-၁၉ သံသယလက္ခဏာများ ပေါ်ပေါက် လာပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူကြရန်၊ လူစုလူဝေး ပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ပေးကြပါရန်တို့အား ရပ်ကွက်/ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိမြေစိုက်နံရံပြဘုတ်တွင်လည်း ကိုဗစ်-၁၉ရောဂါဆောင်ရန်ရှောင်ရန်အသိပညာပေးများကိုပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)