မိုင်းခတ် သြဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မား လာစေရေး ပညာရေးကြီးကြပ်မှု ကော်မတီနှင့် ကျောင်းသား/သူများ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း နီလာ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင့်မြင့်သူက လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာစေရန်နှင့် စပ်လျဉ်း၍ အဖွင့် အမှာ စကား ပြောကြားခဲ့ပြီး မြို့နယ် ပညာရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးက ဆရာ၊ဆရာမများ၏ ဘာသာရပ် အလိုက် သင်ကြားရေးဆိုင်ရာများနှင့် ကျောင်းသား၊ သူများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်း အကျိုးတော်ဆောင်များက ပညာရေး မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ချက်များကို အကြုံပြုဆွေးနွေး ခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းနှာခေါင်းစည်း(၁၀၀၀)ခု၊Surgical Mask (၅၀၀)ခု၊ လက်ဆေး ဆပ်ပြာခဲ (၃၀၀)ခဲ၊ Face Shield (၁၀၀)ခု၊ ပလပ်စတစ်လက် အိတ်(၄၅၀)အိတ်နှင့် Hand Speaker( ၂)ခု၊ Hand Jel(၆၅)ဗူးအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်း ဆရာကြီးနှင့် ဆရာ/မများကလက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်း အကျိုး တော်ဆောင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မိုးဒေ (ပြန်/ဆက်)