ဗန်းမော် ဇူလိုင် ၁၃
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသည့်လူနာများ များပြားလာပါက ဆေးကုသဆောင်အဖြစ် ထားရှိနိုင်ရေးအတွက် တာဝန်ရှိသူများ သည် ယမန်နေ့ ညနေ ၃ နာရီခွဲက ကွင်းဆင်းကြည့်ရှု ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းရာ၌ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်စိုးနှင့်အဖွဲ့၊ ဗန်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်တို့သည် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ရောဂါ (Positive)လူနာများအား များပြားလာပါက ဆေးကုသဆောင်အဖြစ် ထာရှိနိုင်ရေးအတွက် ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်သို့ သွားရောက်၍ ဆေးကုသဆောင်အဖြစ် အသုံးပြုမည့် အဆောင်များကို ကွင်းဆင်း ကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါပိုးကူးခံရပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် ရောဂါကူးစက်ခံသူအား ဗန်းမော်မြို့နယ်တွင် (၄၅)ဦး၊ မန်စီမြို့နယ်တွင် (၄)ဦး၊ မိုးမောက်မြို့နယ်တွင် (၄)ဦးနှင့် ရွှေကူမြို့နယ်တွင် (၂ဝ)ဦး ထပ်တိုးလူနာပေါင်း (၇၃)ဦးရှိ ခဲ့သည်။ ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့ညအထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ဗန်းမော် မြို့နယ်တွင် (၂၇၇)ဦး၊ မန်စီမြို့နယ်တွင် (၃၇)ဦး၊ မိုးမောက် မြို့နယ်တွင် (၈၈)ဦးနှင့် ရွှေကူမြို့နယ်တွင် (၂၀၈)ဦး ရောဂါကူးစက်ခံရသည့် လူနာစုစုပေါင်း (၆၁၀)ဦးရှိပြီး ဖြစ်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ(၅ဝ)ဦးရှိကြောင်းနှင့် ဗန်းမော်ခရိုင်အတွင်း၌ သေဆုံးသူ(၆)ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)