မလှိုင် ဇူလိုင် ၁၃
မလှိုင်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာ-မြင်းခြံ ကားလမ်းမဘေးရှိ အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အုပ်ချုပ်ရေးယန္တရား၏ အခြေခံကျသော ရပ်ကွက်/ကျေးရွာရုံးများကို သီးခြားဖွင့်လှစ်နိုင်ရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့မြို့နယ်အတွက် သိမ်ကုန်းကျေးရွာ အုပ်စုက ရရှိပါကြောင်း၊ ရရှိလာသည့်အဆောက်အဦကို သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ ရုံးသစ်ဆောက်လုပ် ပြီးစီးသွားပါက ကျေးရွာတာဝန်ခံများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲများအပြင် ရွေးကောက်ပွဲ ကာလတွင် ရပ်/ကျေး ကော်မရှင်ရုံးခွဲများထိပါ အသုံးပြုနိုင်သဖြင့် အရေးပါ အခြေခံကျသောရုံး ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက်မင်္ဂလာအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ရုံးသစ်၏ ဥရှုတိုင်ပန္နက်ကို စိုက်ထူပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် ကျန်ရှိနေသော ပန္နက်တိုင်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူးများ ဖြစ်ကြသော ဦးဇင်ကိုလတ်၊ ဒေါ်ယဉ်မင်းထက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စိုက်ထူပေးခဲ့ကြသည်။
အဆောက်အဦအမျိုးအစားမှာ Steel Structure တစ်ထပ် ဖြစ်ပြီး အလျှား ၃၆ ပေ၊ အနံ ၃ဝပေ ရှိ၍ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၁၉၉၆၆ဝဝဝ)ဖြင့် Bright Day ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)