မြစ်ကြီးနား ဇူလိုင် ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် လုံလောက်သည့် ပမာဏပြည့်မီစွာရရှိရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်အတွင်းရှိ အောက်စီဂျင်စက်ရုံ လည်ပတ်မှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စိန်ကမ္ဘာစက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်ရေးအတွက် စက်ကြီးများဖြင့် လည်ပတ်နေမှု၊ စက်ကြီးများကို နေ့စဉ် ၁၅ နာရီကြာ လည်ပတ်ပြီး လီတာ(၄၀)ဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၁၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ စက်ရုံတာဝန်ခံ ဦးအောင်နိုင်ဝင်းနှင့် တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်း ပြသမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက စက်ရုံအဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရေး၊ စက်ပစ္စည်းများ ချို့ယွင်းအားနည်းမှု မဖြစ်ပေါ်စေရေးနှင့် လိုအပ်ချက်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ စက်ရုံ အလုပ်သမားများအတွက် အာဟာရမုန့်များနှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပျံ့ပွားလာမှု ပိုမိုများပြားလာသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့မှ စတင်၍ Stay At Home အစီအစဉ်တွင် ပါဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပြည်နယ်(ပြန်/ဆက်)