မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁ဝဝ)ထားရှိနိုင်ရန် ကြိုတင် ဆောင်ရွက်ထားရှိ

မလှိုင် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရိုးကျေးရွာရှိမှ ရိုးတိုက်နယ်ဆေးရုံကို ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် အရေးပေါ်နေရာ လိုအပ်လာပါက လူနာ(၁ဝဝ)ထားရှိနိုင်ရန် ကုတင်များ ကြိုတင်ပြင်ဆင် နေရာချထားခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်ထွေ/အုပ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်ထံမှ သိရသည်။

“ ကျနော်တို့ မလှိုင်မြို့နယ်တွင် ကိုဗစ်အတည်ပြု ပိုးတွေ့လူနာ(၅၁)ဦးရှိပြီး ဆေးရုံမှကျန်းမာလာ၍ ဆင်းခွင့်ရသူ(၁၃)ဦး၊ သေဆုံးသူ(၁)ဦး၊ လက်ရှိဆေးရုံ တက်ရောက်နေသူ(၃၇)ဦးရှိပါတယ်၊  ပြည်သူ့ဆေးရုံမှာ နေရာထိုင်ခင်း လုံလောက်မှု လည်းရှိပါတယ်။ သို့သော်လည်း အရေးပေါ်နေရာ လိုအပ်လာရင် လူ(၁ဝဝ)ထားနိုင်အောင် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်၊ ရေချိုးခန်း၊ အိမ်သာ သန့်ရှင်းသပ်ယပ်စွာ အသုံးပြုနိုင်အောင် ဆေးရုံအတွင်းနှင့် ဆေးရုံဝင်းကို စုပေါင်း သန့်ရှင်းရေးဆောင် ရွက်ခဲ့တာပါဟု ” မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ကပြောပြခဲ့သည်။

အဆိုပါနေ့က ကိုဗစ်အတည်ပြုလူနာများ ထားရှိပါက လိုအပ်သော လျှပ်စစ်မီးအတွက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာမှ ဦးတင်ထွန်း+ဒေါ်မြင့်အေး (ငွေစန္ဒာအုတ်၊ ထုံး၊ သဲကျောက် ရောင်းဝယ်ရေးမိသားစု)က ကာလတန်ဖိုး ငွေကျပ်(၅၉၄ဝဝဝ)ရှိ 7.5 KW ဒိုင်နမိုတစ်လုံးကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများက  လက်ခံရယူခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး‌ ဒေါက်တာ တင်ဇော်ဝင်း၊ ယာယီရဲမှူး ထိန်လင်းမောင်၊ မီးသတ် ဦးစီးမှူး ဦးဇေယျာအောင်၊ မြို့နယ်သစ်တော ဦးစီးမှူး  ဦးချစ်သိန်း၊ Saving Mahlaing စေတနာ့ဝန်ထမ်း အဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)