ကျောက်ဆည်မြို့တွင် အခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ကျောက်ဆည် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသည့် အခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမ (၁၀၀)ဦးအာ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(၃)ထပ်ဆောင် အစည်းအဝေး ခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင် ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကျောက်ဆည် မြို့နယ်တွင် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျောက်ဆည် မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု များပြားနေခြင်းကြောင့် မြို့ပေါ်နေထိုင်သူ ပညာရေးဝန်ထမ်း(၁၀၀)ဦးအား ဦးစားပေးအနေဖြင့် တရုတ်နိုင်ငံထုတ် (Sinopharm) ဆေးအမျိုးအစား၊ Lot အမှတ် (2021030306) ဆေးများကို စတင်ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပညာရေး ဝန်ထမ်းများကိုလည်း ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)