ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကော့မှူး ဇူလိုင် ၁၃

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ ထိရောက် အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ယာယီ) ရုံးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော် ဒေဝ က ယခုရောဂါပိုးသည် ကူးစက်မှု ပိုမိုမြန်ဆန်ကြောင်း ၊ လတ်တလော ရောဂါကူးစက်မှုနှုန်း မြှင့်မားလာသည့်အတွက် ပြည်သူလူထုအတွင်း ကူးစက်မှုနှုန်း ထိန်းချုပ်ရန်နှင့် ကာကွယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ကြရန်၊  လူစုလူဝေး ဖြစ်စေနိုင်သည့် အခမ်းအနား ၊ ပွဲလမ်းသဘင်များလုံးဝ / (လုံးဝ)ကျင်းပပြုလုပ်ခြင်း မပြုလုပ်ကြရန် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် Covid-19 Positive Center များထားရှိသဖြင့် Center များအလိုက် ဌာနဆိုင်ရာများ အနေဖြင့် အုပ်ချုပ်ထောက်ပံ့ရေး ကိစ္စရပ်များ ၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးထွန်းဇော်မင်းက ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြသော ပရဟိတအသင်းသားများ အနေဖြင့် ကျန်းမာရေး၊ အသိသတိဖြင့် ဆောင်ရွက်ကြရန်ပြောကြားပြီး တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်သူရ