ကိုကိုးကျွန်း ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပန်းခင်းစီမံချက်ဖြစ်သော အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချူပ်မှု ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချူပ်မှုကောင်စီ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချူပ်ရေး အဖွဲ့ဝင်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချူပ်မှုကောင်စီဥက္ကဋ္ဌမှ အဖွင့်ပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ တစ်နိုင်ငံလုံး အသက်၁၈နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ရရှိရေးအတွက် ပန်းခင်းစီမံချက်ကို ချမှတ်၍ သက်ဆိုင်ရာ ကာယကံရှင်များထံသို့ လက်ဝယ်အရောက်ပေးအပ်တဲ့ အခမ်းအနားဖြစ်ကြောင်း ပန်းခင်းစီမံချက်ဟာ ကိုကိုးကျွန်းမြို့နယ်တစ်ခုတည်း ပြုလုပ်ခြင်းမဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်အလိုက် စီမံချက်ချ၍ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း မိမိပတ်ဝန်းကျင်ရှိ စိစစ်ရေးကဒ်ပြား မရှိသောသူများကိုလည်း အခုလို စီမံချက်ပြုလုပ်ပေးချိန်တွင် မြို့နယ်လဝကဝန်ထမ်းများအား မေးမြန်းပြီးချိတ်ဆက်၍ ပြုလုပ်ကြရန် တိုက်တွန်းစေလိုကြောင်း ပြောကြားခဲ့သည်။ မြိုနယ်လဝက ဦးစီးမှူးမှ ပြောကြားရာတွင် အခုလိုစီမံချက်ရေးဆွဲ၍ နိုင်ငံသားစိစစ်ရေး ကဒ်ပြားပြုလုပ်ရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ ပြည့်မှီပါက အသက် ၁၈နှစ်ပြည့်သူတိုင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်သည့် ကဒ်ပြားဖြစ်သောကြောင့် စည်းကမ်းတကျနှင့် ကဒ်ပြားများအား ပလပ်စတစ်လောင်း ကိုင်တွယ်ပါက ပျက်စီးမှုမရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အုပ်ချူပ်မှုကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကာယကံရှင်များ၏ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို တစ်ဦးခြင်းစီ ပေးအပ်ခဲ့ပြီး စုစုပေါင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ၂၂ ဦးကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)