တံတားဦးမြို့နယ်တွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ

တံတားဦး ဇူလိုင် ၁၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က ယနေ့အချိန်အခါသည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းချိန်ဖြစ်သောကြောင့် တောင်သူလယ်သမားများသည် မိမိတို့၏ လယ်ယာမြေများအား စက်များကို အသုံးပြုပြီး ထွန်ယက် စိုက်ပျိုးလာကြောင်း ၊ စက်မှုလယ်ယာ ဦးစီးဌာနမှ စက်များကို ငှားရမ်းပြီး တွင်တွင်ကျယ်ကျယ်အသုံးပြု စိုက်ပျိုးလာကြောင်းကို တွေ့မြင်လာပါကြောင်း စက်များကို အသုံးပြုသောကြောင့် အချိန်ကုန် သက်သာပြီး လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက် လာကြကြောင်းနှင့်  ဆွေးနွေးပွဲ(Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦဇော်ဝင်းနိုင်က လယ်ယာ လုပ်ငန်းခွင်တွင် စက်ကိရိယာများ အသုံးပြုခြင်းဖြင့် ရှားပါးလာသော လုပ်အားအရင်းအမြစ်များ နေရာတွင် လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းရေး၊ ရေသွင်းရေနုတ်စနစ်ပါရှိသော ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်ဖြင့် သီးနှံများ အထွက်တိုးစေရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်၍ အချိန်အခါမီ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်းနိုင်ရေး၊ အလေအလွင့် နည်းပါးစွာဖြင့် ရိတ်သိမ်းခြွေလှေ့နိုင်၍ အရည်အသွေး ကောင်းမွန်သော သီးနှံများရရှိစေပြီး တောင်သူများ ဝင်ငွေတိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းသည် တောင်သူ လယ်သမားများ သားစဉ်မြေးဆက် အကျိုးဖြစ်ထွန်းစေမည့် စက်မှုလယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်လာစေရန် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းအဖြစ် မိမိတို့ဦးစီးဌာနမှ အဓိကကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ရဲတင့်(တံတားဦး)