ရန်ကုန် ဇူလိုင် ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေး၌ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးအောင်က မြို့နယ်အတွင်းရှိ အမျိးသမီး များ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်တွင်းအကြမ်း ဖက်မှုမှ ကင်းဝေးရေးနှင့် စောင့်ရှောက်ပေးရန် လိုအပ်သည့် အမျိုးသမီးများ၏ ဘဝများကို မြို့နယ်အဆင့်ကော်မတီအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးရေးတို့ကို ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဝါထွန်းက မြို့နယ်အမျိုးသမီး ကော်မတီသို့ တင်ပြချက်အစီရင်ခံစာအား တင်ပြ ဆွေးနွေးရာ လုပ်ငန်း ဆောင်ရွက်မှုများ၊ တိုင်ကြားလာသည့် အမျိုးသမီးကိစ္စရပ်များ၊ အားသာ ချက်နှင့် အားနည်းချက်များအား အကြံပြုဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းထွေးက မြို့နယ် အတွင်း အမျိုးသမီးများအရေးနှင့် ပတ်သက်၍ ဖြေရှင်းရမည့် လုပ်ငန်းများအား ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက သိလိုသည်များ မေးမြန်းခြင်းနှင့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ