မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာ ရပ်ကွက်ရှိ ရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်

မိတ္ထီလာ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရတနာမာရ်အောင် ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်လိုက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်  (၂၆.၇၃)သန်းဖြင့် တင်ဒါအောင်မြင်သည့် Triple Thar Co,Ltdမှ တာဝန်ယူပြီး  အရှည် ပေ ၃၀၀၀၊ အကျယ် ၆ လက်မရှိ (PVC)ပိုက်အား ရတနာမာရ်အောင်ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာ ရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့  ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းကို ဇွန်လ ပထမပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းရေပိုက်သွယ်တန်းခြင်း လုပ်ငန်းပြီးစီးပါက အောင်ဇေယျာရပ်ကွက်၊ ချည်စက် ရပ်ကွက်ရှိ ထီလာဦးနယ်မြေနှင့် မဟာစည်ရပ်ကွက်များရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရပ်ကွက်များအား သောက်သုံးရေဖြန့်ဝေရာတွင်    မဟာစည်ရပ်ကွက်ရှိ အဝီစိတွင်းမှတဆင့် အောင်ဇေယျာရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့  ရေပိုက်သွယ်တန်းပြီး သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိရာမှ ၎င်းအဝီစိတွင်း ရေသည် ထုံးဓါတ်များ ပါရှိလာသည့်အတွက် ဒေသခံပြည်သူများအား ကျန်းမာရေး ထိခိုက်မှု မရှိစေရန်နှင့် ရေပိုက်များ ပျက်စီးသည့်အတွက်ကြောင့် မိတ္ထီလာကန် ရေဖြန့်ဝေနိုင်ရန် ရတနာမာရ်အောင်ရပ်ကွက်ရှိ အမှတ်(၁)ရေစက်ရုံမှ အောင်ဇေယျာ ရပ်ကွက်ရှိ စက်သုံးဆီလမ်းထိပ် ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအဖွဲ့ထံမှ သိရသည်။

သိန်းမြင့်ကျော်