ဝမ်းတွင်း ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ (ကိုဗစ်-၁၉)ရောဂါ ကာကွယ်တားဆီးရန် ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာ အချို့နှင့် ဝမ်းတွင်းမြို့ပေါ်(၆)ရပ်ကွက်အား (Local Semi Lockdown) အဖြစ် သတ်မှတ်ကြောင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရန်အတွက် မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများလိုက်နာရန် စည်းကမ်းချက်များ အနေဖြင့် (၁)မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ရေသန့်လုပ်ငန်းများမပါ၊ (၂)ဈေးဝယ်ရန် အပြင်ထွက်ရန်ရှိပါက တစ်အိမ်ထောင် တစ်ယောက်နှုန်းသာ နေအိမ်ပြင်ပသို့ သွားလာခွင့်ရှိမည်ဖြစ်ပြီး နေ့လည်(၁)နာရီ မှစ၍ နေအိမ်ပြင်ပသို့(လုံးဝ) မထွက်ခွာကြရန်၊ (၃)နေ့လည်(၁)နာရီစ၍ ဆေးဆိုင်များမှအပ မည်သည့်ဈေးဆိုင်မှ ရောင်းချခြင်းမပြုကြရန်၊ (၄)ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ထုတ်ယူထားသော နေအိမ်ပြင်ပသို့ ထွက်ခွာခွင့် ကတ်ပြားပါရှိမှသာ ဈေးဝယ်ခြင်း၊ အိမ်အပြင်ထွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး ပါးစပ်နှင့်နှာခေါင်းစည်း Maskများ စနစ်တကျ တပ်ဆင်အသုံးပြုကြရန်၊ (၅)အခြားမြို့နယ်များသို့ လုပ်ငန်းကိစ္စဖြင့် သွားရောက်လိုပါက ဝင်/ထွက်ခွင့် ကတ်ပြားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အထောက်အထားစုံလင်စွာဖြင့် လျှောက်ထားရမည်၊ (၆)ဆေးရုံး/ဆေးခန်း သွားရောက်ရန် လိုအပ်ပါက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ ယာဉ်မောင်းအပါအဝင်(၃)ဦးသာ သွားရောက်ခွင့်ပြုရန် အချက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဝမ်းတွင်းမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရန် ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာအချို့နှင့် ဝမ်းတွင်းမြို့ပေါ် (၆)ရပ်ကွက်အား (Local Semi Lockdown)အဖြစ် သတ်မှတ်ခြင်းကို (၁၄.၇.၂၀၂၁)ရက်နေ့ နံနက်(၅)နာရီစတင်၍ (၂၈.၇.၂၀၂၁)ရက်နေ့ (၂၄)နာရီ အချိန်ထိ (၁၄)ရက်တာ သတ်မှတ်ထားရှိပြီး လိုက်နာမှုမရှိသူများအား စစ်ဆေး တွေ့ရှိရပါက ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရေး ပြည်သူများအနေဖြင့် အလေးထားပူးပေါင်း ကာကွယ် ပေးကြရန် နိုးဆော်ထားကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)