ကျောက်ဆည် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူများ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက တောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် အလုပ်သမားရှားပါးနေသည့်အချိန်၌ စက်ကိရိယာများ အသုံးပြု၍ စပါးများ စိုက်ပျိုးပါက အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်များလည်း သက်သာစေခြင်း ကြောင့် ကောက်စိုက်စက်အသုံးပြုကာ စပါးများစိုက်ပျိုးခြင်းဖြင့် အကျိုးကျေးဇူး များစွာရရှိစေကြောင်းနှင့် ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက မိုးစပါးစိုက်ပျိုးရာတွင် အလုပ်သမားများစွာအသုံးပြု၍ စိုက်ပျိုးကြရကြောင်း၊ မိရိုးဖလာ စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးပါက စိုက်ပျိုးစရိတ် (၁)သိန်းခွဲခန့် ကုန်ကျခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက ငွေကျပ်(၆)သောင်း ခန့်သာ ကုန်ကျမှုရှိခြင်းနှင့် လုပ်အားခသက်သာစေခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ နုတ်ယူရန် မလိုအပ်ခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ လေဝင်လေထွက် ကောင်းပြီး ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ပြီး စပါးအထွက် နှုန်းကောင်းခြင်း၊ ပေါင်းရှင်းလင်းခြင်း၊ သမန်းနိုးခြင်း အလွယ်တကူ ပြုလုပ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေသောကြောင့် တောင်သူများ အနေဖြင့် ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးကြရေး ဆွေးနွေး ပြောကြားခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် ဌက်ကတောင်ကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ ရွာနန်းကျေးရွာ၊ သံရွာကျေးရွာ၊ ကတဲကျေးရွာများ၌ မိုးရာသီစပါး စိုက်ပျိုးရာတွင် ကောက်စိုက်စက် အသုံးပြု၍ စပါးစိုက်ဧက(၃၀)ဧက စိုက်ပျိုး ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး