ရန်ကုန် ဇူလိုင် ၁၃
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျင့်ဝတ်နှင့် ညီသော သတင်းမီဒီယာသမားများ၏ လူမှုဘဝ လုံခြုံရေး အထောက်အကူပြုစေရန်နှင့် သတင်းမီဒီယာ သမားများအနေဖြင့် စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော ကျင့်ဝတ်နှင့် လျော်ညီ သည့် သတင်းမီဒီယာအရင်းအမြစ်များ အရည်အသွေးမြှင့် ဆောင်ရက်နိုင်ရန်၊ ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန(Community Centre)သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီဝင်များက သတင်းမီဒီယာ ဥပဒေစာအုပ်(၁၇)အုပ်နှင့် သတင်းမီဒီယာသမားများ အသုံးပြုရန်အတွက် ဦးထုပ်(၂၅)လုံးကို လာရောက်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ခရိုင် ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် လက်ရှိမြေပြင် သတင်းရယူနေသော သတင်းမီဒီယာ သမားများသည် သတင်း မီဒီယာဆိုင်ရာ ကျင့်ဝတ်နှင့် စံနှုန်းများကို ထိန်းသိမ်းပြီး ကျင့်ဝတ်နှင့်အညီ သတင်းရယူခြင်း၊ သတင်းရေးသား ဖော်ထုတ်တင်ပြခြင်း များကို သတင်းမီဒီယာ ဥပဒေများနှင့်အညီ ဆောင်ရွက် နိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးစိုးမင်း(ရန်ကင်းစိုးမင်း)က ပြောကြားသည်။
အဆိုပါ လာရောက်လှူဒါန်းခဲ့သော သတင်းမီဒီယာဥပဒေစာအုပ်များကို သတင်းမီဒီယာ ဆောင်ရွက်နေ သော အများပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုခွင့် ရရှိနိုင်ရန်အတွက်၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များအားလုံးရှိ စာအုပ်စင်များတွင် ထားရှိသွားမည် ဖြစ်ပြီး ဦးထုပ်များကိုလည်း သတင်းမီဒီယာ ဆောင်ရွက်နေသော သတင်း သမားများ အသုံးပြုရန်အတွက် ဖြစ်ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။