ကျောက်ပန်းတောင်းမြို့နယ်တွင် ဆေးရုံတွင် စစ်ဆေးမှုခံယူသူ(၃)ဦးနှင့် သီးသန့် Quarantine ဝင်ရောက်နေသူ(၅)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီ အချိန်ထိ၊ ကိုဗစ်-၁၉ရောဂါ သံသယဖြင့် လာရောက်အစစ်ဆေးခံသူများနှင့် သီးသန့် Quarantine ဝင်ရောက်နေသူ များအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၈)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ပိုးတွေ့ရှိသူများအနက်၊ ကျောက်ပန်းတောင်းမြို့နယ် ရွာမကျေးရွာ၊ တံခါးကြီးကျေးရွာနှင့် လွတ်လပ်ရေးရပ်ကွက်နေ အမျိုးသား(၃)ဦး တို့မှာ မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက် အစစ်ဆေးခံခဲ့ကြသူများဖြစ်ပြီး၊ သီးသန့် Quarantine ဝင်ရောက်နေသူများမှာ၊ Mytel ကုမ္ပဏီဝန်ထမ်း ပိုးတွေ့သူ အမျိုးသား(၁)ဦးနှင့် ထိစပ်၍ Hotel Quarantine ဝင်ရောက်နေသူ တမ္ပဝတီ ရပ်ကွက်နေ အမျိုးသား(၄)ဦးနှင့် မြတ်နိုးသူကုမ္ပဏီဝန်းအတွင်း Quarantine ဝင်ရောက်နေသူ အမျိုးသား(၁)ဦး ပေါင်း(၈)ဦးဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရှိသူ(၈)ဦးအနက်(၇)ဦးအား ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် မြတ်နိုးသူ ကုမ္ပဏီဝန်ထမ်းမှာ ၎င်းကုမ္ပဏီဝန်း  သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ ၎င်းတို့ဆန္ဒရှိရာ Quarantine Center များတွင် ပေးပို့ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)