မိုးညှင်းမြို့၌ ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မိုးညှင်း ဇူလိုင် ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီတွင်  Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မိုးညှင်းမြို့ စေတနာ့ဝန်ထမ်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးအောင်ဆန်းဦး က နှာခေါင်းစည်း (Mask)ဖြန့်ဝေပေးခြင်း လုပ်ငန်းများတွင် လည်းကောင်း၊ အနံ့ပျောက်ပြည်သူများ၊ ခရီးပြန်ရာဇဝင်ရှိပြည်သူများ၊ နိုင်ငံခြားပြန် ပြည်သူများနှင့် Stay At Home မြို့နယ်များမှ ပြန်လာသူများအား  မိုးညှင်းမြို့ရှိ Quarantine Centre သို့ စတင်ဝင်ရောက်စေပြီး RDT test kit ဖြင့် စစ်ဆေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်း လုပ်ငန်းများစသည့် အခြားသော ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း နေ့ညမရွေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် အပြည်အစုံကို We Love Mohnyin Facebook Page တွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲအစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်း၊ ရုပ်ပုံပြပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် ရောင်စုံခဲတံဖြင့် ဆေးရောင်ခြယ်ပြခြင်း စသည့် အစီအစဉ်များ ကိုလည်း We Love Mohnyin Facebook Page နှင့် မိုးညှင်းခရိုင် ပြည်သူ့ စာကြည့်တိုက် Facebook Page တို့တွင် အပတ်စဉ်ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်း(ပြန်/ဆက်)