ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခန်း

တောင်ကြီး ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုများ မရှိစေရန် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်တွင် (၂၂၄၇၆၆)ဦး၊ ဒုတိယအကြိမ်တွင် (၂၀၂၈၅၅)ဦး ထိုးနှံပြီးစီးခဲ့ ကြောင်း၊ ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့မှစ၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့အထိ (၈၄၃၅) ဦးထိုးနှံပြီး ယခုတတိယလှိုင်းကာလတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၄)ရက်နေ့တွင် ပထမအကြိမ်၊ ဇူလိုင်(၅)ရက်နေ့တွင် ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဖြင့် ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့၌ တောင်ကြီးမြို့နယ်များတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်နယ် ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော်ဦးထံသို့ ၁၂-၇-၂၀၂၁ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားလိုက်ရပါသည်-

ဒေါက်တာဝင်းမော်ဦး

ညွှန်ကြားရေးမှူး၊ ကုသရေးဦးစီးဌာန

မေး။ တောင်ကြီးမြို့နယ်မှာ လက်ရှိ ကိုဗစ်-၁၉ ကာကွယ် ကုသရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့

အခြေအနေ သိချင်ပါတယ် ။

ဖြေ။ Covid-19 နှင့်ပတ်သက်ပြီး ကာကွယ်ရေးနှင့်ကုသရေး (၂)ပိုင်းခွဲပြီးဆောင်ရွက်လျက်ရှိပါတယ်။ ကာကွယ်ရေးကိစ္စတွေဆောင်ရွက်နေသလို ကုသရေးနဲ့ပတ်သက်ပြီး လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်နေပါတယ်။ Stay at Home မြို့နယ်တွေက ပြန်လာသူများရှိပြီး၊ နယ်မြေဖြတ်ကျော် ခရီးသွားသူများလည်း ရှိတဲ့အတွက် ခရီးသွားပြည်သူတွေကို ကလောမြို့နယ် ရေယားဂိတ်၊ တောင်ကြီးမြို့နယ် တောင်လေးလုံး ခေါင်တိုင် (လမ်းခွဲ)ဂိတ်၊ ရွာငံမြို့နယ်အပါ ဂိတ်သုံးဂိတ် ဖွင့်လှစ်ထားပါတယ်။ Covid-19 နှင့်ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ လာသူတွေအားလုံးကို Temprature တိုင်းပါတယ်။ ပြီးရင် အောက်ဆီဂျင် အခြေအနေ ဘယ်လောက်ရှိလဲ တိုင်းပါတယ်။ အောက်ဆီဂျင်ကျသူ ဖျားနာသူရှိရင် အဲမှာတခါတည်း RDT လို့ ခေါ်တဲ့ အမြန်စစ်ဆေးတဲ့ကိရိယာနဲ့ စစ်ဆေးပြီးတော့ Positive ဖြစ်ရင် Quarantine Centre ကို ပို့ပါတယ်။ Negative ဆိုရင်တော့ ရှေ့ဆက်ပြီး ခရီးသွားဖို့ ခွင့်ပြုပါတယ်။ စီးဝင်လာတဲ့ Covid-19 နှင့်ပတ်သက်ပြီး လူတွေကို စစ်ဆေးတဲ့ စစ်ဆေးရေး ဂိတ်တာဝန်ရှိသူများက ဆောင်ရွက်နေပါတယ်။

မေး။ တောင်ကြီးမြို့နယ်မှာ Quarantine Centre နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါတယ်။

ဖြေ။ Quarantine Centre နဲ့ ပတ်သက်လို့ မြို့နယ်အလိုက် အများကြီး ထားရှိပါတယ်။ တောင်ကြီးမြို့နယ်မှာ Quarantine Centre(၂)ခု ရှိတယ်။ တစ်ခုက မိုးကုတ်ဝိပဿနာ ကျောင်းမှာ လူ(၁၀၀)နဲ့ (၁၅၀)ဦး ထားနိုင်တယ်လို့ သိရပါတယ်။ နောက်တစ်ခုက အမှတ်(၁) တည်းခိုရေးစခန်း၊ ရွှေညောင်မြို့မှာ Quarantine Centre ထားရှိပြီး ဆောင်ရွက်နေပါတယ်။ Contact လိုက်တဲ့အခါ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပေါင်းစပ်ပြီး Positive နဲ့ ထိတွေ့သူများ၊ Contact များ၊ Stay at Home မြို့နယ်တွေက လာတဲ့သူတွေကို စစ်ဆေးမှုပြုလုပ်တယ်၊ ရှာဖွေဖော်ထုတ်မှုတွေ ပြုလုပ်နေပါတယ်။ ဒါတော့ Public ပိုင်းဆိုင်ရာဆောင်ရွက်နေမှုအခြေအနေပါ.။ အခုဆိုရင် ပြီးခဲ့တဲ့ အပတ် ၅-၇-၂၀၂၁ ရက်နေ့ စပြီး Call Centre စဖွင့်ပါတယ်။ Call Centre ကို ရှမ်းပြည်နယ်အစိုးရရုံး (ဟောင်း)ဝင်းထဲမှာ ဖွင့်လှစ်ထားရှိပါတယ်။ Call Centre နဲ့အတူတူ ဘေးမှာ Covid-19 စစ်ဆေးနိုင်တဲ့ Swab Centre ထားရှိပါတယ်။ အဲကနေ Swab ယူလို့ Positive ဖြစ်တယ်ဆိုရင် တခါတည်းမန္တလေးကို ပို့စစ်နိုင်အောင် စီစဉ်ထားရှိပါတယ်။ အခုဆိုရင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး Quarantine Centre တွေ ထပ်ဖွင့်နိုင်အောင်ကြိုးစား နေပါတယ်။ ဖြစ်လာတဲ့အခြေအနေအရ Quarantine Centre လုံလောက်မှု လောလောဆယ် မရှိသေးတဲ့အခါ ထပ်ပြီးလုံလောက်မှုရှိအောင် ကြိုးစားနေပါတယ်။ နောက်တစ်ခုက Treatment ပိုင်းဆိုင်ရာပါ။ အဓိကကတော့ Covid Positive ဖြစ်ခဲ့လို့ ရှိရင်ဘယ်သွားကြမလဲလို့ ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ အဲပြဿနာက တောင်ကြီးမြို့မှာ မဖြစ်အောင် ကြိုတင်စီမံ ဆောင်ရွက်နေပါတယ်။ ပထမဦးဆုံး လူနာရဲ့အခြေအနေကို ခွဲခြားမယ်။ ခွဲခြားပြီး တစ်ကယ် ကုသဖို့ လိုအပ်မယ့်သူတွေကို စဝ်စံထွန်းဆေးရုံကိုပို့ပြီး ကုသနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ကယ်တမ်း ရောဂါလက္ခဏာလဲမပြ အနံ့ပျောက်ရုံလေးပဲဖြစ် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျန်တဲပြဿနာလဲ ဘာမှမဖြစ်၊ သူ့မှာ ရောဂါအခံတွေလဲမရှိ ဒါဆိုလို့ရှိရင် တစ်နေရာမှာ ထားနိုင်အောင် ကြိုးစားနေပါတယ်။ ပထမဆုံးအနေနဲ့ အမျိုးသမီးနှင့်ကလေးအထူးကု ဆေးရုံကြီး၊ သားဖွားဆောင် နှစ်ထပ်မှာ လူနာ ၇၂ ဦးထားနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် ၇၂ ဦး ထားနိုင်ပြီဖြစ်ပါတယ်။ အဲ စင်တာလဲပြည့် သွားပြီထား၊ ဒါပေမယ့်လူနာက ဆက်ပြီးထွက်နေဦးမှာပဲ။ ဒါကြောင့် ကျွန်တော်တို့ ထပ်ပြီး တိုးချဲ့နိုင်အောင် ကွန်ပျူတာ တက္ကသိုလ်ကို ဒီတစ်ပတ်အတွင်း ဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။ ဒီတစ်ပတ်အတွင်း ဖွင့်နိုင်လို့ရှိရင် အနံ့ပျောက်သူ၊ ရောဂါအခံမရှိသေးသူများကို ၎င်းနေရာမှာထားနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး။ ယခုဆက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့်အခြေအနေ သိလိုပါတယ်။

ဖြေ။ Covid-19 ကာကွယ်ဆေးကကျွန်တော်တို့ အစီအစဉ်အရထိုးတာမဟုတ်ပါဘူး။ အစိုးရအဖွဲ့ရဲ့ သတ်မှတ်ချက်ဖြင့် ထိုးရတာဖြစ်ပါတယ်။ စပေးတဲ့ကာကွယ်ဆေးတွေကို ကျွန်တော်တို့ အပြည့်အဝ ထိုးပေးပြီးပါပြီ။ ကျန်းမာရေးဝန်ထမ်း၊ ကျောင်းဆရာမ၊ အစိုးရရုံးဝန်ထမ်းတွေ တော်တော်များများ ထိုးပြီးပါပြီ။ ကျန်တဲ့ပြည်သူတွေကို ထိုးနိုင်အောင်လို့ စင်တာများ ဖွင့်လှစ်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ Stay At Home ဒေသကလာလို့ရှိရင် ဘယ်မှာထားဖို့ စီစဉ်ထားပါသလဲ။

အဲဒါက ဂိတ်တွေက ဖြတ်ရပါတယ်။ Stay At Home လို့ သတ်မှတ်ထားတဲ့နေရာက လာတဲ့ ပြည်သူများကို Quarantine Centre သို့ ပို့ပြီး ၃ ရက်နေ တစ်ခါစစ် ၊ ၇ ရက်နေတစ်ခါစစ်လို့မှ Negative ဆိုရင် ပေးပြန်ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် စစ်ဆေးမှု အတိုင်းအတာမှာ RDT ဖြင့် တစ်ရက်ကို လူဦးရေ(၅၀၀)နဲ့ (၁၀၀၀)ကြားမှာ ရှိပါတယ်။ RDT နဲ့ စစ်ဆေးမှုကို မန္တလေးကိုပို့ပြီး အရင်က တစ်ပတ်ကို လူဦးရေ(၆၀၀)နဲ့ အခု တစ်ပတ်ကို လူဦးရေ(၂၀၀) သာ ပေးပို့နိုင်ပါတယ်။

မေး။ ယခု တောင်ကြီးမြို့တွင် Covid-19 Postive လူနာ များအတွက် အောက်ဆီဂျင်ကို မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုပါတယ်။

ဖြေ။ စဝ်စံထွန်းဆေးရုံမှာ အောက်ဆီဂျင်ထုတ်တဲ့စက် တစ်ရက်ကို ၄၀ လီတာ ဂျေဆိုဒ်အိုးကြီးတွေ တစ်ရက်ကို ၈ လုံး ထုတ်နိုင်တယ်။ အောက်ဆီဂျင် အသုံးပြုမှု တစ်ရက်ကို ၁၆ အိုးလောက် လိုအပ်ပါတယ်။ Covid-19 ဖြစ်ပွားသူ လူ(၁၀၀)မှာ (၂၀)က အောက်ဆီဂျင်ရှုဖို့ လိုမှာ ဖြစ်ပါ တယ်။ ရောဂါသည်းရင် လူတစ်ယောက် နှစ်အိုးနှုန်းလိုအပ်ပါတယ်။ ဆေးရုံအုပ်ကြီးကလည်း အလှူခံပြီးလုပ်နေပါတယ်။ ယခုအချိန်ထိ တောင်ကြီးမြို့နယ်မှာ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး လုံလောက်မှု ရှိပါသေးတယ်။ နယ်မြို့များကိုလည်း ခွဲဝေပေးနိုင်ပါတယ်။

မေး။ ဆရာ့အနေနဲ့ထပ်ဖြည့်စွက်ပြီး ပြောလိုတာရှိရင် ပြောကြားပေးပါ ။

ဖြေ။ ကျွန်တော့အနေနဲ့ ပြောချင်တာက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့

စည်းကမ်းချက်များအားလုံး ပြည်သူလူထုကိုယ်တိုင် သိရှိလိုက်နာမယ်ဆိုရင် ထိန်းချုပ်နိုင်မှာပါ။ မဟုတ်ရင် ဒီရောဂါကဆက်ပြန့်သွားမှာပါ။ ကျွန်တော်ထင်သလောက်တော့ ဆိုင်တွေ ပိတ်ခိုင်းတာတစ်ပတ်ရှိပြီ။ ပိတ်တဲ့ဆိုင်တွေရှိသလို မပိတ်တဲ့ဆိုင်တွေလည်း ရှိပါတယ်။ ပါဆယ် ရောင်းတဲ့ဆိုင်ရှိသလို ဆိုင်ထိုင်စားတဲ့ဆိုင်တွေလဲရှိပါတယ်။ အားလုံးစည်းကမ်းလိုက်နာမှု မရှိသေးဘူး။ နောက်တစ်ခုက စျေးတွေပါ။ စျေးရောင်းသူများက Mask တပ်သည့်သူများ မတပ်သည့်သူများရှိပါတယ်။ စျေးဝယ်သူလည်းအတူတူပါပဲ။ တပ်ချင်တပ်တယ်၊ မတပ်ချင် မတပ်ဘူး။ လက်ဆေးရည်မရှိ၊ ရောင်းချင်သလို ရောင်းတယ်။ ဝယ်တဲ့သူကလဲ ဝယ်ချင်သလို ဝယ်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူးစက်တာ သိပ်မြန်ပါတယ်။ နောက်တစခုက Delivery တွေဆိုလို့ရှိရင် သူတို့ဘာသာ သူတို့ဆိုင်က ပါဆယ်သွားဝယ်တယ်။ သွားဝယ်ပြီး လိုက်ပို့တယ်။ သူတို့ကိုယ်တိုင် Mask မတပ်ဘူး။ လူတွေအများကြီးနဲ့ ထိတွေ့နေရသူတွေဖြစ် တယ်။ အဲဒီသူတွေကလည်း လိုက်နာမှု မရှိဘူး။ အမှန်ဆိုရင်လူတွေက တစ်စည်းတစ်လုံးတည်း လိုက်နာပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အမိန့်ညွှန်ကြားချက်၊ စည်းကမ်းများလိုက်နာမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ အဓိကက လူတစ်ဦးချင်း တစ်ယောက်ချင်း လိုက်နာရမယ့် အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တက်နိုင် သလောက်ကြိုးစားနေပါတယ်။ အောက်ဆီဂျင်တွေလဲ မပြတ်အောင် အများကြီးကြိုးစား နေပါတယ် အကူအညီတွေလည်း ရအောင်ကြိုးစားနေပါတယ်။ ခုချိန်မှာ အကူအညီဆိုတာ အရမ်းရှားပါတယ်။ လူတိုင်းက ကိုဗစ် Second Wave ကတည်းက အတော် ဒုက္ခရောက်နေကြတာပါ။ စီးပွားရေးလည်း အားလုံး ကြပ်တည်းနေချိန် အကူညီရဖို့ အတော် ခဲယဉ်းပါတယ်။ အခုအချိန်မှာ မိမိကိုယ်တိုင် ဆင်ခြင်ရန် အဓိက အကြောင်းရင်းဖြစ်ပါတယ်။ သွားလာ၊ နေထိုင်တာ အကုန်လုံး ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ နေထိုင် ဆောင်ရွက် သွားမယ်ဆိုရင် ဒီရောဂါကြီးက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း

မှတ်တမ်း- ရွှေရွှေမြင့်၊ အေးအေးစိုး ။ ဓာတ်ပုံ၊ မောင်မောင်သန်း(ပြန်/ဆက်)

မောင်မောင်သန်း(တောင်ကြီး)